ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)အတွက် ပထမဆုံးလုပ်ငန်းခွဲ အား ကမော့လဲကျောင်းကျေးရွာတွင် စတင်ဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)အတွက် ပထမဆုံးလုပ်ငန်းခွဲအား ကမော့လဲအုပ်စု ကမော့လဲကျောင်းကျေးရွာတွင် ရွာတွင်းကွန်ကရစ် လမ်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ သိန်း ၃၃၀ ကျပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည် ၁၇၈၀ပေ x အကျယ် ၁၄ပေ x ထု ၆လက်မတို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏လမ်းညွှန်မှု၊ လက် ထောက်နည်းပညာမှူး ဦးကျော်မင်းထွဋ်၊ လူထုစည်းရုံးရေးမှူး နန်းချစ်တပွင့်တို့၏ အနီးကပ်ကြီးကြပ်မှုနှင့် ကျေးရွာသူ/သားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စီမံကိန်းလုပ်ငန်းခွဲ ပြီးမြောက်ပါက ကမော့လဲကျောင်းကျေးရွာမှ အိမ်ထောင်စု ၃၉၀စု၊ လူဦးရေ ၂၃၅၅ဦးတို့၏ လမ်းပမ်းဆက်သွယ်ရေးများ အဆင်ပြေချောမွေ့လာမှာဖြစ်ပြီး စီမံကိန်းလုပ်ငန်းခွဲအား ရက်ပေါင်း ၃၀ ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/9127