COVID-19 ရောဂါကြောင့် စီးပွားရေး ကုစားမှု အစီအစဉ်တစ်ရပ် အနေဖြင့် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၄၈၀၀) ခန့်အထိ တိုးချဲ့ဆောင်ရွက်သွားရန်ရှိ

Friday, September 11, 2020

COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် CERP အရ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ အကျိုးသက်ရောက်ခြင်း ခံရတဲ့ ကျေးလက်ဒေသ ရှိပြည်သူများ ဝင်ငွေ ရရှိ ဖို့နဲ့ ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကာ Cash for Work စီမံကိန်းကို ဆောင်ရွက်လျက် ရှိပါတယ်။

Cash for Work စီမံကိန်းဟာ ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိရေးကို အဓိက ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်ပြီး၊ ကျေးရွာ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ဆောင်ရွက်လျက် ရှိပါတယ်။

လက်ရှိမှာ Cash for Work စီမံကိန်းကို မြို့နယ်ပေါင်း ၂၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅၀၀ ကျော်မှာ ဆောင်ရွက်လျက် ရှိပြီး၊ ယခု စီမံကိန်း ပြီးစီးမှု ၉၀ ရာခိုင်နှုန်း ကျော် ရှိတယ်လို့ သိရပါတယ်။

ယခု ဆောင်ရွက်လျက် ရှိတဲ့ Cash for Work စီမံကိန်း အားလုံးကို စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Cash for Work စီမံကိန်းကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာပေါင်း ၄၈၀၀ ခန့် တိုးချဲ့ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက အခုလို ပြောပါတယ်။

“ကျမတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေနဲ့ အခုလို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ပြန့်ပွားနေတဲ့အတွက် မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ ဒေသ အသီးသီးမှာဆိုရင် Lock down တွေ ပြုလုပ်တယ်၊ အသွားအလာတွေ ထိန်းချုပ် ကန့်သတ်တာတွေ ရှိတယ်၊ လူစု လူဝေးတွေ တားမြစ်တယ်။ ဒါကြောင့် မို့လိုလဲ ကျေးလက် ပြည်သူတွေရဲ့ မိသားစု ဝင်ငွေ လုပ်ငန်းတွေဟာ ထိခိုက်မှု ဖြစ်ပေါ်နေပါတယ်။ အဲလို ဖြစ်ပေါ်တာတွေကို ကျမတို့က တုန့်ပြန် ဖြေရှင်းနိုင်ဖို့ အတွက်ကို ကျေးလက်ဒေသများမှာ ကုန်ထုတ် လုပ်မှုနဲ့ ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေဖို့ အခု Cash for Work အစီအစဉ်ကို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ကျမတို့က အခု ဒီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ ကျေးရွာ တစ်ရွာကို ကျပိသိန်း ၁၀၀ ထောက်ပံ့ပြီးတော့ ကျေးရွာ ပြည်သူလူထုကနေပြီး၊ သူတို့ကိုယ်တိုင် သူတို့ ကျေးရွာမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ ပြုပြင်တာတွေကို သူတို့ ကိုယ်တိုင် လုပ်ငန်းတွေကို ရွေးချယ်ပြီး၊ သူတို့ကိုယ်တိုင် ဆောင်ရွက်စေတာ ဖြစ်ပါတယ်။ တစ်ရွာကို ကျပ်သိန်း တစ်ရာနဲ့ အခု ၂၅ ဘီလီယံနဲ့ လျာထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စီမံကိန်းကိုတော့ ကျမတို့ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဟာ အခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ကနေပြီးတော့ အကောင်အထည်ဖော်တာ အခုဆိုရင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ကျမတို့ အခု စက်တင်ဘာလ ၂၅ ရက်နေ့လောက်မှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီ Cash for Work စီမံကိန်းကိုတော့ ရှေ့နှစ် မှာ ဆိုလို့ရှိရင်တော့ ကျမတို့ ကမ္ဘာ့ဘဏ်နဲ့ ညှိနှိုင်းပြီးကာမှ ကျမတို့ Plan လေးတွေတော့ ရေးဆွဲနေပါတယ်။ ဒါကတော့ စီမံကိန်း Plan ရေးဆွဲတုန်း အဆင့်မှာပဲ ရှိပါသေးတယ်။ အဲမှာ ကျမတို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မယ် ဆိုရင် ကျေးရွာပေါင်း ၄၈၀၀ ခန့်ကို ရန်ပုံငွေ ရရှိမှုပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

“လက်ရှိဆောင်ရွက်နေတဲ့ Cash for Work စီမံချက်ဟာ ဒေသခံများ ဝင်ငွေ ရရှိစေဖို့ အတွက် ပျှမ်းမျှ လုပ်အားခ ၆၀ ရာခိုင်နှုန်း ရရှိနိုင်တဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို သာ ဦးစားပေး ရွေးချယ်ဆောင်ရွက်လျက် ရှိတဲ့ လုပ်ငန်းဖြစ်ပြီး၊ မြို့နယ်ပေါင်း ၂၅၉ ခု (ကျေးရွာပေါင်း ၂၅၀၅ ရွာ) မှာ ပညာရေး၊ ကျန်းမာရေး ကျေးလက် လမ်းတံတား တည်ဆောက်ရေးနဲ့ ရေရှိရေး စတဲ့ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၀၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ဒေသခံ ပြည်သူ ၂ ဒဿမ ၇ သန်း ကျော်ကို အကျိုးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။”

သတင်း - ကိုအောင်ကျော်မိုး

#CFW, #CERP, #DRD, #MOALI

Credit – MRTV Media Coverage

https://youtu.be/Xm3CTxez8EM

https://www.mrtv.gov.mm/mm/news-87991