ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀၀) ကျော် အနက် Cash for Work စီမံကိန်းဝင်ကျေးရွာ (၁၀)ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀၀) ကျော်အနက် Cash for Work စီမံကိန်းဝင် ကျေးရွာ (၁၀) ရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ ယခုဆိုရင်တော့ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းများကို ကျေးရွာ လူထုရဲ့ ဆုံးဖြတ်ချက်အရ ရွေးချယ်ကြပြီး အများဆုံး ဆောင်ရွက် နေတဲ့ လုပ်ငန်းများမှာ ကျေးရွာချင်းဆက်လမ်း ရွာအဝင်လမ်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဖြစ်ပြီး၊ ရွာရှိ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိနေပြီ ဖြစ်တယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရှိရတဲ့ သတင်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ မိုင်၂၀ ဝန်းကျင်လောက် ကွာဝေးတဲ့ ထန်းတစ်ပင် မြို့နယ်က သံပုရာကုန်း ရွာတွင်းမှာ ရွာသားတွေ ကိုယ်တိုင် ဦးစီးပြီး၊ ကွန်ကရစ် လမ်း ခင်းနေကြတာပါ။

ပြီးခဲ့တဲ့ လေးလ တုန်းကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရာမှာ မိသားစု စားဝတ်နေရေး အခက်တွေ့ခဲ့ရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် Cash for Work စီမံကိန်း ကို ထန်းတစ်ပင် မြို့နယ် အတွင်းက ရွာ ၁၀ ရွာကို ချထားပေးခဲ့တာကြောင့် အဲဒီရွာက ရွာသူရွာသားတွေက အလုပ်အကိုင်လဲ ရသလို ရွာလဲ ဖွံ့ဖြိုးပြီလို့ ပြောကြားပါတယ်။

“အလုပ်လေး ပေါ်သွားတော့ ကျနော်တို့ သားသမီး သားမယားလည်း အကုန်လုံး အဆင်ပြေသွားပါတယ်။ အရင်က မြို့ပေါ်မှာ သွားလုပ်တာ ရောဂါကြောင့် မသွားရဘူး၊ ဒီမှာ ကိုယ့်ရွာနဲ့ ကိုယ်ကျတော့ ကုသိုလ်လဲရ ဝမ်းလဲဝ လုပ်ရတယ်။” - မောင်ကျော်သူ၊ သံပုရာကုန်း ကျေးရွာအုပ်စု၊ ထန်းတစ်ပင် မြို့နယ်

“လိုအပ်တာကတော့ မြောင်းတိုင်းလိုတယ်၊ မြောင်းတိုင်းလိုပေမယ့် အခု ပထမ ရေမြုပ်တဲ့ဟာကို ဦးစားပေးပြီးလုပ်သွားရတာပေါ့၊ နေလို့ ရတဲ့ဟာ ခနထားအုံး၊ နေလို့ မရတဲ့ဟာတွေ အခုလုပ်တာပေါ့၊ အခုလို နိုင်ငံတော်က ချပေးတာလည်း ကျနော်တို့ အများကြီး ဝမ်းသာပါတယ်၊ ရေက မြှပ်နေတာ” - ဦးလှကြည်၊ သံပုရာကုန်း ကျေးရွာအုပ်စု၊ ထန်းတစ်ပင် မြို့နယ်

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေ လူမှု စီးပွားဘဝ ထိခိုက်မှုတွေကို လျော့နည်း သက်သာ လာစေဖို့ ရည်ရွယ်ပြီး၊ Cash for Work စီမံကိန်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာပေါင်း ၂၄၈၈ ရွာကို ရွေးချယ် ပြီး၊ ရွာတစ်ရွာကို ခွင့်ပြုငွေကျပ် သိန်း ၁၀၀ စီနဲ့ ချထားပေးတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့က ကျေးရွာ ရွေးချယ်တဲ့ နေရာမှာတော့ ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံး ရှိတဲ့ ကျေးရွာ၊ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ကျေးရွာ၊ ကျေးရွာသူ ကျေးရွာသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ စိတ်ဓါတ်ရှိတဲ့ ကျေးရွာတွေကို ဦးစားပေး ရွေးချယ်ပြီး ဆောင်ရွက်ပါတယ်၊ သူတို့ရဲ့ လုပ်အားခကို အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါရမယ်။ ပစ္စည်းဖိုးကတော့ ၄၀ ရာခိုင်နှုန်းထက် ပိုခွင့်မရှိဘူး ” - ဦးအေးနိုင် (မြို့နယ် ဦးစီးမှူး)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ထန်းတစ်ပင် မြို့နယ်။

သံပုရာကုန်း ရွာလေးနဲ့ ကပ်လျက် စန္ဒယော်ကျေးရွာ ကျေးရွာမှာတော့ ရရှိထားတဲ့ ငွေကြေးကို ပေ ၄၀၀၀ ကျော် အရှည် ရွာအဝင် လမ်းမကြီးရဲ့ ဘေးပုခုံး တစ်ဖက် တစ်ချက်ကို ၆ ပေ ထပ်ချဲ့ပြီး မြေသားလမ်း ခင်းကျင်းနေတာ အခုဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။

“အရှည်က အကုန်လုံး ဆိုရင်တော့ ပေ ၄၀၀၀ လောက် ရှိတယ်၊ ကျနော်တို့ အခု ငွေနဲ့ ကြည့်လို့ အဆင်ပြေ သလောက်ကို ပေ ၃၀၀၀ ကျော်၊ ၃၅၀၀ လောက်ကို ရမယ်လို့ ထင်တာပဲ၊ အရည်အသွေးပိုင်းကတော့ ခုနက ပြောသလို ကွန်ကရစ်လောက်တော့လည်း မခိုင်ဖူးပေါ့၊ တန်သလောက်တော့ သူထိန်းသွားမှာပေါ့”

  • ဦးစိုးဟန် (ဥက္ကဌ)၊ စန္ဒယော်ကျေးရွာ

ဒီလို စီမံကိန်းတွေက ကျေးရွာ လူထု အတွက်သာ မကပဲ နိုင်ငံအတွက်ပါ အလွန်ကောင်းမွန်တဲ့ အစီအစဉ် တစ်ခုပါ၊ ဒါပေမယ့် ဒါတွေကို စတင်ဆောင်ရွက်မယ်ဆိုရင် အရင်ဆုံး ကျေးရွာ အမှန်တစ်ကယ် လိုအပ်ချက်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပြီး၊ ရက်တိုအတွင်း ဆောင်ရွက်ရမှာ ဖြစ်တာကြောင့် အရေအသွေးပိုင်းဆိုင်ရာ အကူအညီနဲ့ ရေရှည်ထိန်းသိမ်းနိုင်ဖို့ အစီအမံတွေကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရင်တော့ ပြီးပြည့်စုံတဲ့ စီမံကိန်း ဖြစ်လာနိုင်မှာလို့ မြန်မာ့ လူမှုစီးပွား တိုးတက်ရေး အဖွဲ့မှ သုတေသီ တစ်ဦးက ပြောပါတယ်။

“ အခု လမ်းဖောက်လိုက်တယ် ဆိုပါဆို့ ၊ ဒီလမ်းဟာ ကျေးရွာရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ ကျေးရွာကလည်း ဒီလမ်းကို အသုံးပြုပြီးတော့ တစ်ခြား စီးပွားရေးလုပ်ငန်းတွေကို လျင်လျင်မြန်မြန်ဆောင်ရွက် နိုင်မယ် ဆိုလို့ ရှိရင် ဒါသူတို့အတွက်ကောင်းတယ်။ ဒီလမ်းက နေ ရလာမယ့် အကျိုးအမြတ်တွေကိုလည်း လမ်းအတွက် ပြုပြင် စရိတ် အနေနဲ့ ကျေးရွာက ပြန်ပြီး ထည့်ဝင်မယ် ဆိုလို့ ရှိရင်တော့ ရေရှည်မှာ အင်မတန်ကို အဆင်ပြေတဲ့ အရာလို့ ထင်ပါတယ်” -ဦးစကနေဒီ (စီးပွားရေး သုတေသီ) မြန်မာ့ လူမှု စီးပွားတိုးတက်ရေး အဖွဲ့၊

ဒီစီမံကိန်းကို ၃ လအတွင်း အပြီးဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကျေးရွာလူထုရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျေးလက်ဒေသရဲ့ ရေတို ပြီးစီးမည့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဦးစားပေး ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လဲ သိရပါတယ်။

သတင်းစဉ်

#CFW, #CERP, #DRD, #MOALI

Credit- MRTV Media Coverage

https://youtu.be/2wf35RKQZN8

https://www.mrtv.gov.mm/mm/news-85208