ဒုတိယဝန်ကြီး ဦးလှကျော် နှင့်အဖွဲ့ လှိုင်းဘွဲမြို့နယ်အတွင်း လူထု ဗဟိုပြု စီမံကိန်းနှင့် Cash for Work လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်တို့ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်း ကြည့်ရှု့ ကြပါတယ်။

လူထုဗဟိုပြုစီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ မီးကြိုး၊ မီးတိုင်လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအထောက်အကူပြု ကော်မတီတွေနဲ့ တွေ့ဆုံကာ ရေရှည်တည်တံ့ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပါတယ်။

အဲဒီ မီးကြိုး၊ မီးတိုင်လဲလှယ်ခြင်းလုပ်ငန်းဟာ ပထမနှစ်စက်ဝန်းနဲ့ ဒုတိယနှစ်စက်ဝန်း ၂ နှစ်တာ ဆောင်ရွက်ခဲ့ သည့် ၄၀၀ Volt ပေ ၉၃၀၀ပေ x မီးတိုင် ၂၂ တိုင်၊ စီမံကိန်း ထောက်ပံ့ငွေ ၃၈,၁၉၉,၇၀၀ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ ၁,၈၂၆,၆၀၀ကျပ် စုစုပေါင်း ၄၀,၀၂၆,၃၀၀ကျပ် နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာပံ့ပိုးမှု၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းတွေရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ကျေးရွာပြည်သူတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး အထက်ရေပူကျေးရွာအုပ်စု ထီးလင်းဝင်းသာကျေးရွာမှာ Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း၁၀၀ နဲ့ ဆောင်ရွက်နေတဲ့ ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းနဲ့ ကျောက်ရောမြေ သားလမ်းခင်းခြင်း လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က မြို့နယ်အတွင်းမှာ Cash For Work စီမံကိန်းနဲ့ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို မြေပုံနှင့်တစ်ကွ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage