ဝန်းသိုမြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဝန်းသို ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် (Covid-19 Economic Relief Plan) ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြင်သာကုန်းကျေးရွာတွင် ရွာတွင်းလမ်းဘေး ဝဲ/ယာ ကွန်ကရစ် ရေမြောင်း ဆောင်ရွက် ခြင်းနှင့် ရွာတွင်းလမ်းများ ဖောက်လုပ်၍ ဂျင်းမြေခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ ကျောက်တိုင် ကျေးရွာတွင် ကွန်ကရစ်တံတား (၂) စင်းတည်ဆောက်ခြင်းနှင့် ရွာတွင်း လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို လည်းကောင်း၊ သဖန်းဆိပ်ကျေးရွာတွင် ရွာတွင်းလမ်းများကို ဂျင်းမြေခင်းခြင်းနှင့် လမ်းဘေး ရေနှုတ် မြောင်းများ တူဖော်ခြင်းလုပ်ငန်းကို လည်းကောင်း၊ မော်နိုင်းကျေးရွာတွင် ရွာတွင်းလမ်းများ ရေနှုတ်မြောင်း တူဖော်ခြင်း၊ ကျေးရွာနှင့် ဘုန်းကြီးကျောင်း ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစေရေး၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်လိုက်နာရေး၊ ငွေစာရင်း ပုံစံများ သတ်မှတ်ပုံစံများအတိုင်း ဖြည့်သွင်းနိုင်ရေး၊ စည်းလုံးညီညွတ်စေရေးနှင့် ပေါင်းစပ် ဖြေရှင်းပေးနိုင်ရေးတို့ကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကော်မတီများအား တာဝန်ရှိသူများက ဆွေးနွေး မှာကြားခဲ့သည်။

ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းကို တစ်ရွာလျှင် ထောက်ပံ့ ငွေကျပ်သိန်း (၁၀၀)စီဖြင့် မော်နိုင်းကျေးရွာ၊ အရှေ့စက်ကျေးရွာ၊ သဖန်းဆိပ်ကျေးရွာ၊ ကျောက်တိုင် ကျေးရွာ၊ မြင်သာကုန်း ကျေးရွာနှင့် လေးရွာကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်း၊ လုပ်အားခတန်ဖိုး ၆၀ ရာခိုင်နှုန်း ပေးချေစနစ်ဖြင့် သတ်မှတ် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4403