ဂန့်ဂေါ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် ဦးစီးအရာရှိ (နည်းပညာ) ဦးကျော်ဇေယျ၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးနှင့် တာဝန်ရှိသူများသည် Cash For Work စီမံကိန်းဖြင့် လုံဟောကျေးရွာ၊ ကုက္ကားကျေးရွာ၊ ချောင်းခွကျေးရွာ၊ သာကောင်း ကျေးရွာနှင့် ဘူတာသစ် ကျေးရွာတို့တွင် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ Cash For Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိကာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အဆိုပါကျေးရွာ (၅)ရွာတို့တွင် ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုငွေကျပ်သိန်း (၁၀၀)ချထားပေးပြီး ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းများကို ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)
#CERP, #CFW, #DRD, #MOALI
Credit- Ministry of Information