မိုင်းပန်မြို့နယ်တွင် Cash for Work စီမံကိန်း နှင့် VRFP စီမံကိန်းတို့အတွက် လုပ်ငန်းတာဝန်နှင့် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

မိုင်းပန်၊ ဇူလိုင် ၂၈

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်ရည်ရွယ်သည့် Cash For Work စီမံကိန်း နှင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရန်အတွက် ရင်းနှီးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးယူ နိုင်စေရန် အတွက်ရည်ရွယ်သည့် VRFP စီမံကိန်း တာဝန်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁ဝ) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ စီမံကိန်းများနှင့်ပတ်သက်၍ ကျေးရွာ (၆)ရွာမှ တက်ရောက်လာသူများ သိရှိနိုင်စေရန် ရှမ်းဘာသာစကားဖြင့် ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းမှ အမှာ စကား ပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းမှ စီမံကိန်းများနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စီမံကိန်းကျေးရွာ(၆)ရွာမှ ကျေးရွာ တာဝန်ရှိသူများထံသို့ စီမံကိန်းတာဝန်များနှင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

Cash For Work စီမံကိန်းကျေးရွာ (၃) ရွာဖြစ်သည့် ဟိုဖိုင်လုံကျေးရွာ၊ မိုက်ပုတ်(ပန်ပိ)ကျေးရွာ နှင့် ပိန်းလုံကျေးရွာ တို့အတွက် တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း (၁ဝဝ)စီအား တာဝန်ရှိသူများမှ လွှဲပြောင်း ပေးအပ်ခဲ့ရာ ဟိုဖိုင်လုံကျေးရွာအနေဖြင့် လယ်ရေသွင်းမြောင်းတူးဖော်ခြင်းတွင်လည်းကောင်း၊ မိုက်ပုတ် (ပန်ပိ) ကျေးရွာအနေဖြင့် သဲဗြုန်း လမ်းခင်းခြင်း နှင့် (၂)ဘီး လမ်းကွန်ကရစ်ခင်းခြင်း တို့တွင် လည်းကောင်း၊ ပိန်းလုံကျေးရွာအနေဖြင့် သဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းတို့တွင်လည်းကောင်း ရန်ပုံငွေများအား အကျိုး ရှိစွာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ဖော်ပြပါလုပ်ငန်းများအား ဒေသခံလုပ်သားများ၏ လုပ်သား အင်အား (၈၅)ရာခိုင်နှုန်း နှင့် ပစ္စည်းတန်ဖိုး (၁၅)ရာခိုင်နှုန်း ပေါင်းစပ်အသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ကျေးရွာနေဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

Village Revolving Fund Project (VRFP) စီမံကိန်းကျေးရွာ (၃) ရွာဖြစ်သည့် မိုင်းပဲကျေးရွာ၊ ပုံးချယ်ကျေးရွာ နှင့် လုံကြိမ်ကျေးရွာတို့အတွက် တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း (၁ဝဝ)စီအား ကျေးရွာမတည် ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် အဆိုပါ ရန်ပုံငွေ များအား ပထမတစ်နှစ်အတွင်း ငွေ(၁ဝဝ)ကျပ်အတွက် (၁)လလျှင် ပြား(၅ဝ)နှုန်း သတ်မှတ်၍ လုပ်ငန်း ဆောင်ရွက်ရန် အရင်းအနှီးငွေလိုအပ်နေသည့် ကျေးရွာနေပြည်သူများမှ အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျ ချေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေများနှင့် အတိုးငွေများ ပြန်လည်ပေးဆပ်စေရန် အတွက် အချိန်သတ်မှတ်ချက်အား ကျေးရွာမတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီမှ ညှိနှိုင်းအတည်ပြုသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မိုင်းပန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F28%2F07%2F2020%2Fid-25479&fbclid=IwAR2AX916rFwsPXml__jXK03niUKse83bFMh4My7JVkFVbsX4RaEG8o3zT-U