ဘုတလင်မြို့နယ်တွင် ကျေးရွာလည်ပတ်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ကြမည့် ကျေးရွာကော်မတီများ ရွေးချယ်ဖွဲ့စည်း

ဘုတလင် ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလည်ပတ်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ကြ မည့် ကျေးရွာကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဝက်လူး အိုင်ကျေးရွာနှင့် တော်ဦးဘကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစား ပေးနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာလည်ပတ်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်မေမွန်မွန်က ကော်မတီဝင်များ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ကြမည့် ကျေးရွာ ကော်မတီဝင် (၇) ဦးကို ကျေးရွာပြည်သူများက မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23937