တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကျေးရွာပေါင်း ၂၄၈၈ ရွာကို Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

မန္တလေး ဇူလိုင် ၁၇

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးရွာပေါင်း ၂၄၈၈ ရွာကို Cash For Work စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

"စီမံကိန်းကို ဇွန်လလောက်ကတည်းက စခဲ့တယ်။ ဇွန်လမှာ စီမံကိန်းကို Pilot Project အနေနဲ့ လုပ်ခဲ့ပါတယ်။ ကုန်ကျငွေက တစ်ရွာကို ၁၀သန်းနဲ့ဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လောလောဆယ်တော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့က ၂၄၈၈၀ သန်းပါ။ မန္တလေးတိုင်းဒေသကြီးမှာ ၂၄၉ ရွာအတွက် ငွေကျပ် ၂၄၉၀ သန်း အသုံးပြုသွားမှာဖြစ်ပါတယ်။ လုပ်အားခကိုတော့ အခြေခံအားဖြင့် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလို့ သတ်မှတ်ပေးထားတယ်။ လုပ်အားခကို ၆၀ ရာခိုင်နှုန်းလောက်ထိ ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်း သွားဖို့ ဆွေးနွေးပေးထားပါတယ်။ စီမံကိန်းကာလက စက်တင်ဘာလကုန် အပြီးပါ။ စီမံကိန်းရဲ့ အောင်မြင်မှုရယ်၊ ကိုဗစ်က ဘယ်တော့ ပြီးဆုံးမလဲဆိုတာ မသိသေးတဲ့အခါက အစီစဉ်တော့ ဆက်ဆွဲထားပါတယ်။" ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

အဆိုပါ စီမံကိန်းကို ကချင်ပြည်နယ်တွင် ကျေးရွာ ၉၀ရွာ၊ ကယားပြည်နယ်တွင် ကျေးရွာ ၁၁၀ရွာ၊ ကရင်ပြည်နယ်တွင် ကျေးရွာ ၁၁၀ရွာ၊ချင်းပြည်နယ်တွင် ကျေးရွာ ၁၁၀ရွာ၊ စစ်ကိုင်းတိုင်းတွင် ၂၅၀ရွာ၊ တနင်္သာရီတိုင်းတွင် ကျေးရွာ ၁၁၀ရွာ၊ ပဲခူးတိုင်းတွင် ၂၅၀ရွာ၊ မကွေးတိုင်းတွင် ၂၄၉ရွာ၊ မန္တလေးတိုင်းတွင် ၂၄၉ရွာ၊ မွန်ပြည်နယ်တွင် ကျေးရွာ ၁၁၀ရွာ၊ ရခိုင်ပြည်နယ်တွင် ကျေးရွာ ၁၁၀ရွာ၊ ရန်ကုန်တိုင်းတွင် ကျေးရွာ ၁၁၀ရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၁၁၂ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၉၄ရွာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ၆၄ရွာ၊ ဧရာဝတီတိုင်းတွင် ၂၅၀ရွာနှင့် နေပြည်တော်တိုင်းတွင် ကျေးရွာ ၁၁၀ရွာ အကောင်အထည်ဖော်ဆောင်ရွာသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိပ်ထားနိုင်

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/17/07/2020/id-24333