ဟိုမိန်းမြို့တွင် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဖွဲ့စည်း

ဟိုမိန်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်စေမှုလျော့နည်းရေး စီမံကိန်းတစ်ခုအဖြစ် ကျေးလက်နေ ဝင်ငွေနည်းပြည်သူများကို အလုပ်အကိုင်ပေးမည့် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၉ နာရီ က ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ (အမက)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း က အဖွင့်အမှာစကားပြောကြားပြီး လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း က Cash For Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းရာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေမည့် ယင်းစီမံကိန်းအတွက် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ကျေးရွာပြည်သူလူထုကိုယ်တိုင် ရွေးချယ်ဖွဲ့စည်းခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့သည် ကျေးရွာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား မှာကြားခဲ့သည်။ အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work စီမံကိန်းကို ဟိုမိန်းမြို့တွင် မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာနှင့် ခုံလုံကျေးရွာအုပ်စု ခုံလုံကျေးရွာတို့တွင် စီမံကိန်းလုပ်ငန်းများကို (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/14/07/2020/id-23792