ပူတာအိုမြို့နယ်၌ Cash for Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့ စည်းခြင်းကို ကျေးရွာငါးရွာတွင် ကွင်းဆင်းဆောင်ရွက်

ပူတာအို ဇူလိုင် ၁၄

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့ စည်းခြင်းနှင့်လုပ်ငန်းရွေးချယ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက ပူတာအိုမြို့နယ်အတွင်းရှိ ပမ္မတီးကျေးရွာအုပ်စု နမ်ရှယ်ဇွပ်ကျေးရွာ၊ မန်စေခွန်ကျေးရွာအုပ်စုမှ ဆထီလော်(၂)နှင့် ဆထီလော်(၃)ကျေးရွာ၊ မန်စေကျေးရွာအုပ်စုမှ ဖန်ခိုင် နှင့်မန်ပန်ကျေးရွာများသို့ အဖွဲ့သုံးဖွဲ့ဖြင့် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလူထုများကိုယ်တိုင် မဲစနစ်ဖြင့် ကော်မတီ(၇)ဦး ရွေးချယ်ခြင်းနှင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းရွေးချယ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် ကိုဗစ်-၁၉ Economic Relief Plan (CERP) အရ ကျေးလက်နေ ပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများ အချိန်မီ စတင်နိုင်ရေးအတွက်လည်း ကျေးရွာများမှ ဦးစားပေးဆောင်ရွက်လိုသည့်လုပ်ငန်းများကို ကွင်းဆင်းတိုင်းတာခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/14/07/2020/id-23867