ကျေးရွာ ၂၅၀၀ ခန့်မှာ ဒေသခံပေါင်း ၂ ဒဿမ ၇ သန်းခန့် အလုပ်အကိုင်ရမယ့် စီမံကိန်းစတင်

ဇူလိုင် ၁၀၊ ၂၀၂၀

မြန်မာနိုင်ငံက ကျေးရွာပေါင်း ၂၅၀၀ ခန့်မှာ ဒေသခံ ပေါင်း ၂ ဒဿမ ရ သန်းအထိ အကျိုးခံစားရမယ့် ကျေးရွာ တစ်ရွာ ကျပ် သိန်း တစ်ရာ နှုန်းနဲ့ အလုပ်အကိုင် ဖန်တီးပေးမယ့် Cash for Work  စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက စတင် ဆောင်ရွက်နေပြီလို့ ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၃ လတာ ကြာမြင့်မယ့် အဲဒီစီမံကိန်းမှာ ၄၀ ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူပြီး၊ ၆၀ ရာခိုင်နှုန်းကို လုပ်အားခ ပေးချေဖို့ အတွက် အသုံးပြုပြီး၊ ကျေးလက်ဒေသတွေက လမ်းတွေ ပြုပြင်တာ၊ ရေဆိုးမြောင်းတွေ တူးဖော်တာ ရေတွင်း ရေကန်တွေ တူးဖော်တာတွေ စတဲ့ လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လုပ်အားခကို အနည်းဆုံး လုပ်ခလစာ ဖြစ်တဲ့ ကျပ် ၄၈၀၀ ကနေ ကျပ် ၆၀၀၀ ကြား ပေးမှာ ဖြစ်ပြီး၊ ကျွမ်းကျင် လုပ်သားတွေကို တော့ ဒေသ ပေါက်ဈေးအတိုင်း ပေးချေမယ်လို့လဲ သိရပါတယ်။

“ရွာရဲ့ လိုအပ်ချက် ဖြစ်တဲ့ လမ်းလုပ်ငန်း ဖြစ်ဖြစ်၊ အခြေခံ အဆောက်အဦး ဖြစ်ဖြစ်၊ လုပ်ငန်း တစ်ရာ ရာခိုင်နှုန်း လုံးလုံးကို ပစ္စည်း ဝယ်လို့ မရပါဘူး၊ ကျမတို့ အဓိက ပေးချင်တာက လုပ်အားခ ပေးချင်တာ ဖြစ်တဲ့အတွက် ၄၀ ရာခိုင်နှုန်း ပစ္စည်း ဝယ်မယ်ဆိုရင် ၆၀ ရာခိုင်နှုန်းက လုပ်အားခ ရရှိမယ်၊ အဲတာမှသာ ကျမတို့ စီမံကိန်းက အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကျမတို့ ပေးချင်တာက လုပ်အားခကို ပိုပေးစေချင်တာ ဖြစ်ပါတယ်။ လုပ်အားခ ရပြီး‌တော့ အခြေခံ အဆောက်အအုံတွေလဲ တစ်ဖက် တစ်လမ်းက ဖွံ့ဖြိုးစေဖို့ ရည်ရွယ်တာပါ။” --- ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးစီး အရာရှိတစ်ဦးဖြစ်တဲ့ ဒေါ်ဧပရယ် ကျော်ကျော်

အဲဒီ စီမံကိန်း အတွက် တစ်အိမ်ထောင်မှာ လုပ်သား အင်အား တစ်ဦးပါဝင်နိုင်အောင် စီစဉ်ထားပြီး၊ ဒေသမှာ တစ်နှစ်နဲ့ အထက် နေထိုင်သူ ဆင်းရဲနွမ်းပါးတဲ့ မိသားစု၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေ များတဲ့ မိသားစုတွေ၊ နာတာရှည် ရောဂါသည် ရှိတဲ့ မိသားစု၊ မသန်စွမ်း၊ သက်ကြီး ရွယ်အို၊ ပုံမှန် အလုပ်အကိုင် မရှိတဲ့ မိသားစု တွေကို ဦးစားပေးမယ်လို့ သိရပါတယ်။

လုပ်ငန်းစဉ်တွေထဲမှာ စီမံကိန်း မိတ်ဆတ်တာ၊ ကော်မတီ ဖွဲ့စည်းတာ၊ သင်တန်း ပို့ချတာ၊ စီမံကိန်း ရွေးချယ်တာ၊ အကျိုး ခံစားရမယ့် အိမ်ထောင်စု ရွေးချယ်တာ စီမံကိန်း အတည်ပြုတာ၊ အကောင်အထည်ဖော်တာ၊ စစ်ဆေးတာ၊ စီမံကိန်း ပိတ်သိမ်းတာ စတဲ့ အဆင့်တွေ ပါဝင်ပါတယ်။

ကော်မတီ ဖွဲ့စည်းတာက စပြီး၊ အကျိုးခံစားရမယ့် အိမ်ထောင်စု ရွေးချယ်တာ၊ စီမံကိန်း ရွေးချယ်တာမှာလည်း ဒေသခံတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့် ရမှာ ဖြစ်ပါတယ်။

စီမံကိန်း ကုန်ကျစရိတ် ကျပ် ၂၅ ဘီလီယံ ခွင့်ပြုထားပြီး၊ လုပ်သား အင်အား အများဆုံး အသုံးပြုရတဲ့ လုပ်အားတွေကို အဓိကထား ဆောင် ရွက်မယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်- ဝင်းကိုကိုလတ်

7 Day TV

#CERP

#CFW

#DRD

#MOALI

https://www.facebook.com/7DayOnlineTV/videos/2939285052835733/?t=0