ရမည်းသင်းမြို့နယ် ကြက်လျှာကျေးရွာ ရွာတွင်းလမ်းခင်းမှု ကြည့်ရှု စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကြက်လျှာကျေးရွာမှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ရွာတွင်း လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မတ်လ ၃၁ ရက် မနက်ပိုင်းက တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကွင်းဆင်း စစ်ဆေးရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်နဲ့ အဖွဲ့ဟာ ကြက်လျှာကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် ရွာတွင်းလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး၊ လုပ်ငန်း အကောင်အထည်ဖော်ရာမှာ စံချိန်စံညွှန်း ပြည့်မှီစွာ ဆောင်ရွက် ဖို့နဲ့ ရည်ရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးတို့အတွက် ကော်မတီဝင်တွေ ကျေးရွာ ပြည်သူလူထုတွေက အတူတစ်ကွ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့ပါတယ်။

အဲဒီ ကြက်လျှာကျေးရွာဟာ လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်း ပံ့ပိုးငွေနဲ့ ကျေးရွာတွင်း လမ်းမကြီးကို ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ရာ အခုအခါ စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေ ကျပ် ၁၃ ဒဿမ ၄ သန်းကျော် နဲ့ လမ်းအရှည် ၁၀၃၅ ပေ၊ လမ်းအကျယ် ၁၂ ပေနဲ့ ထု ၁၁ လက်မ ရှိတဲ့ ကတ္တရာလမ်းကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank