မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ မြစိမ်းရောင် စီမံကိန်း လုပ်ငန်းများနဲ့ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေကို နေပြည်တော် ရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင် ဦးဆောင်တဲ့ စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဟာဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မောက်မယ် မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာတွေကို မတ်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကွင်းဆင်း စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ကွင်းဆင်း စစ်ဆေးရာမှာ စဉ့်ဆိုင်ကျေးရွာအုပ်စုမှ နားသဲ ကျေးရွာ၊ ဟိုနမ့်ကျေးရွာ အုပ်စုမှ ခူဝင်းကျေးရွာ၊ ပန်းတန် ကျေးရွာ အုပ်စုမှ ဖာဆန်းကျေးရွာ၊ လွိုင်တောင် ကျေးရွာနဲ့ ပုန်းလောင်း ကျေးရွာအတွင်းမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်းမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်း တွေကို စီမံကိန်း လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်မှု ရှိမရှိ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ပြီးတော့ မြစိမ်းရောင် စီမံကိန်းမှ ဆောင်ရွက်ထားရှိတဲ့ မွေးမြူ‌ရေး လုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ‌ဈေးဆိုင်များနဲ့ ကျေးရွာ ကုန်ထုတ်လမ်းများအား ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့ စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဝင်များဟာ ဆိုရင်တော့ ကျေးရွာကော်မတီဝင်များနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်း လိုအပ်ချက်တွေကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - YTV Channel

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank