ဧရာဝတီတိုင်းဒေသတွင်း လူထု ဗဟိုပြုစီမံကိန်း တိုးချဲ့မြို့နယ် အဖြစ် ဒေးဒရဲမြို့နယ်အား ရွေးချယ်ရေး

Pathein, 22 February 2020, MRTV Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန်းလွင်တို့က အဖွင့် အမှာ စကားပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသူများနဲ့ စီမံကိန်း အကြောင်း မေးမြန်းဖြေကြားခဲ့ပါတယ်။ ဒီလူထုဗဟိုပြု စီမံကိန်းရဲ့ ရည်ရွယ်ချက်က ဆင်းရဲနွမ်းပါးတဲ့ ကျေးလက် လူထု အနေနဲ့ အခြေခံ လူမှု စီးပွားအဆောက်အအုံများနဲ့ ဝန်ဆောင်မှုများအား လူထုဗဟိုပြု စနစ်ကို ကျင့်သုံးပြီး၊ ရယူသုံးစွဲနိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဒေးဒရဲမြို့အား ရွေးချယ်ခံရပြီး၊ ဒုတိယ ဦးစားပေး မြို့နယ်အနေနဲ့ မော်လမြိုင်ကျွန်းမြို့နယ်က ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ပုသိမ် သတင်း ဌာနခွဲ၊ MRTV