လူထုဗဟိုပြု စီမံကိန်းမှ ရှမ်းပြည်နယ်တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ် တိုးချဲ့ဆောင်ရွက်ရေး ပထမ ဦးစားပေးအဖြစ် တန့်ယန်းမြို့နယ်ကို ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်းသည် ရှမ်းပြည်နယ်တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်ထပ်မံ တိုးချဲ့ဆောင်ရွက်ရေးအတွက် စီမံကိန်း မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၂ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ ပထမ ဦးစားပေး မြို့နယ်အဖြစ် တန့်ယန်း မြို့နယ်ကို ရွေးချယ်ခဲ့ပြီး၊ ဒုတိယ ဦးစားပေး မြို့နယ်အဖြစ် ကျေးသီး မြို့နယ်ကို ရွေးချယ်ခဲ့သည်။

“ရွေးချယ်ခြင်း မခံရတဲ့ မြို့နယ်များ အနေနဲ့လည်း စိတ်ပျက်စရာ မလိုပဲ၊ စီမံကိန်း အောင်မြင်တာနဲ့အမျှ ကမ္ဘာ့ဘဏ်နဲ့ အခြား ဖွံ့ဖြိုးရေး အေဂျင်စီ အသီးသီးက ထပ်မံပေးလာမယ့် အကူအညီများနဲ့ နိုင်ငံတော် အစိုးရ ဘတ်ဂျတ်ရန်ပုံငွေ၊ ပြည်နယ် အစိုးရ ရန်ပုံငွေတွေနဲ့ တဖြည်းဖြည်း ဆက်လက် အကောင်အထည်ဖော်ပေးသွားမှာ ဖြစ်လို့ သည်းခံပြီး၊ နားလည်မှု ရှိစွာ စောင့်စားပေးကြဖို့ကိုလည်း ကြိုတင်မေတ္တာရပ်ခံပါတယ်” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အခမ်းအနား အဖွင့် အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားသည်။

“ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြု စီမံကိန်းကို နမ့်ဆန်မြို့နယ်မှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဆီဆိုင်မြို့နယ်တွင် စီမံကိန်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး၊ လက်ရှိတွင် မဘိမ်းမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် မိုင်းခတ်မြို့နယ်တို့မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်း(၃)နှစ်အတွင်း လမ်းပေါင်း (၃၀၂)၊ တံတားပေါင်း (၄၁)၊ ရေပေးဝေရေး လုပ်ငန်းပေါင်း(၃၀၇)၊ စာသင် ကျောင်းပြုပြင်ခြင်း နဲ့ ဆောက်လုပ်ခြင်း (၂၂၉) ၊ မီးလင်းရေးအတွက် လုပ်ငန်း ပေါင်း (၈၂)၊ ကျန်းမာရေး ဆေးပေးခန်းပေါင်း (၁၇)ခု နဲ့ ကျေးရွာခန်းမ အဆောက် အဦပေါင်း (၂၁၅)ခု နှင့် အခြားစီမံကိန်း လုပ်ငန်းပေါင်း (၃၇) ခုကို ကျေးလက် ပြည်သူများ ကိုယ်တိုင် ရွေးချယ် ဆောင်ရွက် နိုင်ခဲ့ကြပါတယ်” ဟု အစည်းအဝေးတွင် နေပြည်တော် ပြည်ထောင်စုရုံး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က စီမံကိန်းအကြောင်း မိတ်ဆက် အမှာ စကားတွင် ထည့်သွင်းပြောကြားသွားသည်။

ကမ္ဘာ့ဘဏ်နှင့် အခြား ဖွံ့ဖြိုးရေး ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက် ရှိသော လူထု ဗဟိုပြု စီမံကိန်း မြို့နယ်သစ် ရွေးချယ်ရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းတို့က စီမံကိန်းအကြောင်း အကျဉ်းချုပ် ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ရွေးချယ်ရေးအတွက် အကြံပြု အမှာစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ လွှတ်တော် ကိုယ်စားလှယ် များ၊ အရပ်ဖက် လူမှု အဖွဲအစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ အစိုးရဌာနများမှ ကိုယ်စားလှယ်များ အချိုးညီညီ ပါဝင်သော အုပ်စု ၁၀ ဖွဲ့ ခွဲကာ စီမံကိန်း တိုးချဲ့ အကောင်အထည်ဖော်ရန် ဦးစားပေး မြို့နယ်ကို အကြံပြု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ရေးရာ ကော်မတီအသီးသီးမှ ဥက္ကဌများ၊ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စု/ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ INGO/NGO များ၊ သတင်းမီဒီယာများနှင့် အခြား စိတ်ဝင်စားသူ ရပ်မိ ရပ်ဖများ စုစုပေါင်း ၄၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဦးစားပေး မြို့နယ်စာရင်းကို နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ကြေညာပေးပြီးနောက် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး စိုင်းလုံကျော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ရွေးချယ် ရရှိလာသော မြို့နယ်များမှ အဖွဲ့အစည်းများ၏ လိုလားမှု၊ စီမံကိန်းမှ စွမ်းဆောင်နိုင်ခြေ စီမံကိန်း လုပ်ငန်များ ဆောင်ရွက်ရန်အတွက် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတို့ပေါ်မူတည်ကာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးစားပေး မြို့နယ်တစ်မြို့နယ်ကို သဘောထား မှတ်ချက်ပြုပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်သည်။

၎င်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ စီးပွားရေးရာ ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူမည် ဖြစ်ပြီး၊ စီမံကိန်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ကာ မြို့နယ် တိုးချဲ့ လုပ်ငန်းခွဲများကို စတင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။