ဆောတွင် ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ကြိုးတံတား တည်ဆောက်ပြီးစီး

ချောက် ၁၀ ဖေဖေါ်ဝါရီ ၂၀၂၀, The Voice Daily

မကွေးတိုင်း ဆောမြို့နယ် အတွင်း စီးဆင်းနေသော ချီချောင်းကို ကျေးရွာ ၇ ရွာမှ ‌ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး ဖြတ်သန်း အသုံးပြုနိုင်ရန် ကျပ်သိန်း ၄၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့သည့် ချီချောင်း ကြိုးတံတား တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၍ စတင်အသုံးပြုနေပြီဟု မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောကြားသည်။

ချီချောင်း ကြိုးတံတား တည်ဆောက်မှု ပြီးစီးသွားပြီ ဖြစ်၍ တံတားဖွင့်ပွဲကို လေးကျေးရွာတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ခဲ့ရာ မကွေးတိုင်း အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားရေးမှူး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။

ပင်မ တံတားအရှည် ပေ ၂၀၀ ရှိပြီး၊ တံတားအကျယ် ၆ ပေ၊ အမြင့် ၂၂ ပေ၊ ချဉ်းကပ်လမ်းအရှည် ၁၂၀ ပေ ရှိသည့် ချီချောင်း ကြိုးတံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၂၈၀ ကျော်နှင့် ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၁၂၁ သိန်းကျော်ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆောမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းလင်းက ပြောဆိုသည်။

“ချီချောင်းတံတားကို ကျေးရွာလူထုက တည်ဆောက်ချင်တာပေါ့။ ကျွန်မတို့က CDD (လူထုဗဟိုပြု) စီမံကိန်းရဲ့ အဓိက ဦးစားပေး လိုအပ်ချက်အရ သူတို့ ဆောင်ရွက်ချင်တယ်ဆိုလို့ ကျေးရွာလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်းက ပြောကြားသည်။

ဆောမြို့နယ် လေးကျေးရွာအုပ်စုရှိ ချီချောင်းသည် စဉ်ဆက်မပြတ် စီးဆင်းနေသော ချောင်းအမျိုးအစား ဖြစ်ကာ မိုးရာသီကာလတွင် ချောင်းရေများသောကြောင့် သွားလာရန် ခက်ခဲကြောင်း၊ ယခင်က ကျေးရွာဒေသခံများ တည်ဆောက်ထားသော ကြိုးတံတားမှာ ပျက်စီးချို့ယွင်းနေသည့်အတွက် ကျောက်ထုမြို့ပေါ်သို့ သွားရောက်ကာ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာဒေသခံများ ရာသီမရွေး သွားလာရန်အတွက် တံတားတည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်မြစန်းလင်းက ရှင်းပြသည်။

ယင်းချီချောင်း ကြိုးတံတားသည် လူနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းမောင်းနှင်နိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု မြို့ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။

http://thevoicemyanmar.com/news/39552-saw