တွန်းဇံမြို့နယ်တွင် စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းခွဲများ ညှိနှိုင်းဆွေးနွေး

ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့်  ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း အရ ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်တွင်  တတိယနှစ်စက်၀န်း  စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းခွဲများ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးဆလိုင်းထောင်းမှ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းအနေဖြင့် ပထမနှစ်နှင့်ဒုတိယနှစ်စီမံကိန်းစက်၀န်းကို သတ်မှတ်လျာထားသည့် အချိန်အတိုင်းအတာအတွင်း ဆောင်ရွက်ပြီးစီး၍ သတ်မှတ်သည့် အရည်အသွေးများပြည့်မီစွာ လုပ်ဆောင်သည်ကို တွေ့ရှိရသည့်အတွက် ၀မ်းသာမိပါကြောင်း၊ စီမံကိန်းအရ ကျေးရွာအဆင့်  ကော်မတီများ ဖွဲ့စည်းခြင်း၊ ကျား - မ တန်းတူအခွင့်အရေးများရရှိစေခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အများသဘောတူ ရွေးချယ်ပြီး လူထုကိုယ်တိုင် စီမံခန့်ခွဲခြင်းတို့ကြောင့် များစွာ အကျိုးရှိခဲ့ရပါကြောင်း၊ မိမိတို့ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် တင်ပြလာသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အခြားသော ဌာနဆိုင်များနှင့် လုပ်ငန်းများမထပ်စေရေးစီစစ်ပေးခြင်းနှင့် လိုအပ်သည့် အကြံဉာဏ်များပေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ စီမံကိန်း၀န်ထမ်းများအနေဖြင့် လူထုအတွက် အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းခွဲများ ရရှိစေရေး စည်းရုံး ဆောင်ရွက်ပေးကြပါရန်နှင့် တတိယနှစ်စက်၀န်း လုပ်ငန်းများကိုလည်း စေတနာထားပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ တတိယနှစ်စက်၀န်းအတွက် ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၁၇ ရွာမှ စီမံကိန်းလုပ်ငန်းခွဲ ၁၇ ခုကိုတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ဝန်ထမ်းများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၅ ရွာမှ စီမံကိန်းလုပ်ငန်းခွဲ ၁၅ ခုကို ခွင့်ပြုရန် သဘောတူခဲ့ကြပြီး ထပ်မံလိုအပ်သည့် ကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာ  ၂ ရွာမှ လုပ်ငန်း ၂ ခုကို ပြန်လည်စီစစ်တင်ပြရန် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆလိုင်းထောင်းနှင့်တကွ ဌာနဆိုင်ရာ၀န်ထမ်းများ ၊ မြို့နယ်ဦးစီးမှူး၊ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင်၊ Monitoring & Evaluation, Management Information System Officer ၊ စည်းရုံးရေးမှူးခေါင်းဆောင်နှင့် လက်ထောက်နည်းပညာမှူးများ စုစုပေါင်း ၁၈ ဦးတက်ရောက်ခဲ့ပါသည်။