လူထုဗဟိုပြုစီမံကိန်း တိုးချဲ့မြို့နယ်ရွေးချယ်ရေး ဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းတွေကနေ လမ်းတံတားကဏ္ဍကို ၅၄ ရာခိုင်နှုန်းအထိ အများဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျေးလက် ဦးစီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ လူထုဗဟိုပြုစီမံကိန်းက (ခြောက်နှစ်တာကာလအတွင်း) မြို့နယ်ပေါင်း ၆၃ မြို့နယ် ကျေးရွာအုပ်စုပေါင်း ၂,၆၇၁ စု၊ ကျေးရွာပေါင်း ၁၂,၀၂၁ ရွာတို့မှာ စီမံကိန်းလုပ်ငန်းခွဲပေါင်း ၃ သောင်း တစ်ထောင်ကျော်ကို ကျေးရွာဖွံ့ဖြိုးမှု အစီအစဉ် ၁၂,၀၀၀ ရေးဆွဲဆောင်ရွက်ထားပါတယ်။ အဲဒီအထဲမှာ အများစုက လမ်းတံတားကဏ္ဍကို ဦးစားပေးဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်တဲ့ လူထု ဗဟိုပြု စီမံကိန်း မြို့နယ် ရွေးချယ်ပွဲမှာ ကျေးလက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ်က ပြောဆိုခဲ့တာပါ။

“ကဏ္ဍအလိုက် ဖော်ပြရမယ်ဆို လမ်းပန်း ဆက်သွယ်ရေးကဏ္ဍမှာ ၅၄ ရာခိုင်နှုန်း၊ ပညာရေးကဏ္ဍမှာ ၁၅ ရာခိုင်နှုန်း၊ ရေရရှိရေးကဏ္ဍမှာ ၁၃ ဒဿမ ၅ ရာခိုင်နှုန်း၊ လျှပ်စစ်မီး ရရှိရေးကဏ္ဍမှာ ၈ ရာခိုင်နှုန်း၊ လူထုအကျိုးပြု အဆောက်အအုံ ကဏ္ဍမှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍမှာ သုညဒဿမ ၅ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်အထိ စက်တင်ဘာလအထိ၊ မြန်မာငွေကျပ် ၂၈၅ ဒဿမ ၇ ဘီလီယံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။” - ဒေါ်ညိုညိုဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

 

ဒီ စီမံကိန်းအရ စစ်ကိုင်းတိုင်းမှာလည်း ပင်လယ်ဘူး၊ ဗန်းမောက်၊ မြောင်၊ ကျွန်းလှ၊ ကန္နီ စတဲ့ မြို့နယ် ၅ မြို့နယ်မှာ ကျေးရွာပေါင်း ၈၅၀ မှာလည်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေပါတယ်။

အညွှန်းကိန်းတွေအရ မြို့ပြကျေးလက် ဆင်းရဲမှုကွာဟချက်က မြင့်မားနေပြီး၊ ဒီစီမံကိန်းတွေက တစ်ဆင့် ဆင်းရဲချမ်းသာ ကွာဟမှုတွေကို လျော့ချပေးနိုင်လိမ့်မယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

Multi-dimensional disadvantage Index– MDI Tool ရဲ့ ဖော်ပြချက်အရ မြို့ပြမှာ ၂ ပွိုင့် ၁ ရှိနေတဲ့အချိန်မှာ ကျေးလက်ဒေသမှာ ၉ ပွိုင့် ၂ အထိ အညွှန်းကိန်း ကွာဟချက်ဟာ ကြီးမားလျက် ရှိပါတယ်။

“ယခု စီမံကိန်းမှာ အရွေးခံရတဲ့ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာအားလုံးမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာ ဖြစ်တာကြောင့် ကျေးလက်ဆင်းရဲမှု လျော့ကျရေးကို အဓိက အထောက်အကူပြုသွားမှာ ဖြစ်ပြီး၊ မြို့ပြကျေးလက် ဆင်းရဲမှု ကွာဟချက်ကို လည်း တတ်နိုင်သလောက် ကျဉ်းမြောင်းလာစေဖို့ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။” - ဒေါက်တာ မြင့်နိုင်၊ ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့။

စစ်ကိုင်းတိုင်းက ထပ်တိုးမြို့နယ် ရွေးချယ်ရာမှာတော့ ပထမ ဦးစားပေးအဖြစ် ခန္တီးမြို့နယ်၊ ဒုတိယ ဦးစားပေးအဖြစ် ဟုမ္မလင်း မြို့နယ်တို့ကို အဆိုပြု ရွေးချယ် ခဲ့ကြပါတယ်။

ဒီစီမံကိန်းတွေကနေ စုပေါင်း ဖြေရှင်းတတ်တဲ့ အလေ့အကျင့်တွေ အများကြီး တိုးတက်ပြောင်းလဲလာတယ်လို့ စီမံကိန်း ရရှိထားတဲ့ ကနီမြို့နယ် ကိုယ်စားလှယ်ကလည်း ပြောပါတယ်။

“ဥပမာ Gender ကိစ္စ တွေဟာမျိုးပါတယ်၊ စီ/ထောက် ကော်မတီ ဥက္ကဌ ၂ ယောက် ရှိတယ်၊ အမျိုးသမီး ဥက္ကဌ တစ်ယောက် အမျိုးသား ဥက္ကဌ တစ်ယောက် ဥက္ကဌ နှစ်ယောက် ရှိတယ်၊ ဒီ နှစ်ခုဟာ ဆိုရင် လူထုတွေ ထဲမှာ မသိမသာနဲ့ Gender Equality ကို ထည့်ပေးတဲ့ ကိစ္စတွေ ပါတယ်၊ နောက်ပြီး စုပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေပေါ့နော်၊ စုပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ လုပ်ပေးတယ်၊ နောက်မဲခွဲတဲ့ အလေ့အကျင့်တွေ ရှိတယ်၊ နောက်တစ်ခုကတော့ ရွာတိုင်း ရွာတိုင်းမှာ တိုင်စာ ပုံးတွေ လုပ်ထားတယ်၊ တိုင်စာပုံးတွေနဲ့ တိုင်တယ်၊ ဖြေရှင်းတယ်၊ ညှိနှိုင်းတယ်၊ ရွာထဲတွေမှာပဲ စုပေါင်း ဖြေရှင်းတတ်တဲ့ အလေ့အကျင့်တွေ ရအောင် လုပ်ပေးတယ်” -  ဦးထွန်းထွန်းဝင်း၊ မဲဆန္ဒနယ် အမှတ် ၂ ၊ ကနီမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

 

ကမ္ဘာ့ဘဏ် ပထမ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ အပါအဝင်၊ စုစုပေါင်း ၅၄၉ သန်းအထိ တိုးမြှင့်ခဲ့ပြီး၊ လက်ရှိအချိန်အထိ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ဆောင်ရွက်ပြီးတဲ့ အထိ ဒေါ်လာ ၉၆ သန်း ပိုနေသေးတာကြောင့် နောက်ထပ် ၁၃ မြို့နယ်ကို တိုးချဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သတင်း - အောင်ကိုလတ်

Credit - DVB TV News

#DRD #NCDDP #MOALI #WorldBank