ကျေးရွာအုပ်စုအဆင့် အစည်းအဝေးပြုလုပ်

 ၅ သြဂုတ်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာအုပ်စုအဆင့် ပထမအကြိမ်အစည်းအဝေးကို (၂.၈.၂၀၁၉)ရက်နေ့တွင် တတန်ကူးကျေးရွာအုပ်စု အံကလော်ကျေးရွာတွင် လည်းကောင်း၊ (၅.၈.၂၀၁၉)ရက်နေ့တွင် ကော့နွဲကျေးရွာအုပ်စု ကော့နွဲကျေးရွာတွင်လည်းကောင်း ကျေးရွာအုပ်စုအဆင့် ကော်မတီဝင်များအားလုံး ပူးပေါင်း၍ ပြုလုပ်ခဲ့ကြပါသည်။

            အဆိုပါအစည်းအဝေးတွင် ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အုပ်စုအဆင့် မြေပုံများရေးဆွဲ၍ ကျေးရွာကိုယ်စားလှယ် များမှ ရှင်းလင်းတင်ပြခြင်း၊ ကျန်ရှိသော သုံးနှစ်တာကာလအတွင်း ရရှိမည့်ရန်ပုံငွေများအား ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် အခြေခံ၍ ခွဲဝေမှုများအား ပြန်လည်စီစစ်ခြင်း၊ စီမံကိန်းလုပ်ငန်းခွဲပုံစံများအား သဘောတူညီချက်ရယူခြင်း၊ ကျေးရွာအသေးသုံးရန်ပုံငွေများအား စနစ်တကျ သုံးစွဲနိုင်ရန် ကျေးရွာကော်မတီဝင်များနှင့် သဘောတူညီချက်များရယူခြင်း စသောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကွင်းဆင်းဝန်ထမ်းများဖြစ်ကြသော လက်ထောက်နည်းပညာမှူးများမှ ဦးဆောင်အကြံဉာဏ်ပေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

            ထို့နောက် ဒုတိယနှစ်စက်ဝန်းတွင် အုပ်စုအနေဖြင့် စီမံကိန်းလုပ်ငန်းခွဲများအား တာဝန်ယူဆောင်ရွက်မည့် ကျေးရွာအုပ်စုအဆင့် ကော်မတီဝင်များအား ရွေးချယ်ခြင်းနှင့် ပြန်လည်အတည်ပြုခြင်းလုပ်ငန်းစဉ်များကို လူထုစည်းရုံးရေးမှူးများမှ ဦးဆောင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။