ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တက်ရောက်

လှိုင်းဘွဲ ဇွန် ၂၃

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်သော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) ကမော့ကချူးကျေးရွာအုပ်စု ကော့ဝန်းကျေးရွာ ဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၂၃.၆.၂၀၁၉) ရက်နေ့ နံနက်(၇)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

        အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်တို့မှ အဖွင့်အမှားစကားပြောကြားခဲ့ပြီး ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဉက္ကဌနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

        ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

        အဆိုပါခန်းမသည် ၅၀ပေ ×၃၀ ပေ× ၁၅ပေ ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ၁၇၁၉၉၄၀၀ ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ ၁၀၂၄၃၇၀၀ ကျပ်ဖြင့် (၁၀.၃.၂၀၁၉) ရက်နေ့တွင် စတင်ကာ (၂၈.၅.၂၀၁၉) ရက်နေ့တွင် ပြီးစီးကြောင်းသိရသည်။