“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရပ်တာလှုပ်ရှားမှုအခမ်းအနား”ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနား”ကို “အကြမ်းဖက်မှုရပ်တန့်ဖို့ အမျိုးသမီးအသံနားထောင်စို့” ဆောင်ပုဒ်နှင့် “အမျိုးသမီးအသံနားထောင်လို့ ဖွံ့ဖြိုးမှုဦးစားပေးအစီအစဉ်များဆောင်ရွက်စို့” ဆောင်ပုဒ်များဖြင့် တွန်းဇံမြို့ RCM ခန်းမ၌ (၄.၁၂.၂၀၁၈) ရက်နေ့နံနက်(၈:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဆလိုင်းထောင်းနှင့် ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးခွဲ (ဟားခါးမြို့)မှ ဒေါ်ငွန်ဆွီးကြန်(ဒုတိယစီမံကိန်းတာဝန်ခံ)တို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး တွန်းဇံမြို့နယ်ကျေးလက်မှ မြို့နယ်ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်မှ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ (၁၆) ရက်တာလှုပ်ရှားမှု အစီအစဉ်နှင့် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျား/မရေးရာကဏ္ဍ၏ရလဒ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင် တွန်းဇံမြို့နယ်အမျိုးသမီးရေးရာကော်မတီတာဝန်ရှိသူတစ်ဦးမှ တွန်းဇံမြို့နယ်အတွင်း အမျိုးသမီးများအတွက် ဆောင်ရွက်ပေးနေသော လုပ်ဆောင်မှုများအား ရှင်းလင်းခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့်ရေးဗီဒီယိုအားပြသခြင်း၊ တက်ရောက်လာသူများမှ အမျိုးသမီးအခန်းကဏ္ဍနှင့် ပတ်သက်၍ ခံစားချက်များရေးသားပြီး ခံစားချက်သစ်ပင်တွင်ချိတ်ခြင်း၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် သက်ဆိုင်သောသတင်းအချက်အလက်များ၊ လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်နေသော ကျား/မရေးရာကဏ္ဍနှင့်စီမံကိန်းကာလအတွင်းဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြခြင်း၊ တွန်းဇံမြို့နယ်ဖိုင်တူကျေးရွာမြစိမ်းရောင် ကော်မတီဝင်တစ်ဦးမှ အမျိုးသမီးများဝင်ငွေရလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းခြင်း၊ တွန်းဇံမြို့နယ်၊ တုန်းတွောလ်ကျေးရွာ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌအမျိုးသမီးမှ လူထုဗဟိုပြုစီမံကိန်းတွင် အမျိုးသမီးများပူးပေါင်းပါဝင်မှုနှင့် တူညီသောအလုပ်အတွက် တူညီသော လုပ်အားခရရှိခြင်းအားရှင်းလင်းခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို နေ့လည် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။