မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများ သက်ဆိုင်ရာဌာနများသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

Oct,1st 2018

ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာ ဌာနများသို့လွှဲပြောင်းပေးခြင်း အခမ်းအနားကို ယနေ့နေ့လည် (၂)နာရီကကျင်းပသွားကြောင်းသတင်းရရှိသည်။

အဆိုပါအခမ်းအနားတွင် ထီးလင်းမြို့နယ် ပြည်သူ့လွှတ်တောင်ကိုယ်စားလှယ် ဦးမြတ်လေးဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွွ့ံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအေးထွန်းမင်းမှ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော မင်းလယ်ကျေးရွာရှိ ကျပ်ငွေ (၁၆၁၈၂၀၀၀) ကုန်ကျသော ကျန်းမာရေးဆေးပေးခန်း အဆောက်အဦးအား မြို့နယ်ကျန်းမာရေးဦးစီဌာနသို့လည်းကောင်း၊ ကျေးရွာ (၁၁) ရွာတွင် အကောင်အထည်ဖော်ခဲ့သော ကျောင်းခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း (၃)ခု၊ စာသင်ကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်း (၈)ခု၊ စာသင်ကျောင်း မြေညှိခြင်းလုပ်ငန်း (၁)ခု စသည့်လုပ်ငန်း (၁၂) မျိုးအတွက် ကုန်ကျငွေကျပ် (၈၉၉၃၉၉၃၀) တန်ဘိုးရှိ စာရင်းဇယားနှင့် မှတ်တမ်းမှတ်ရာများကို မြို့နယ်ပညာရေးမှူးတို့အားလည်းကောင်း လွှဲပြောင်းပေးခဲ့ပြီး၊ ညနေ (၄)နာရီတွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိသည်။

စိုးမိုး(မ​ကွေး)