လူထုဗဟိုပြုစီမံကိန်း ၅ နှစ်မြောက် နှစ်ပတ်လည် “ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား” ကျင်းပ၊ စီမံကိန်းရလဒ်ကောင်းများ ဆက်လက်ရရှိနေ

   

logo-for-multipurpose.jpg logo-for-multipurpose.jpg

လူထုဗဟိုပြုစီမံကိန်း ၅ နှစ်မြောက် နှစ်ပတ်လည် “ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ၊ စီမံကိန်းရလဒ်ကောင်းများ ဆက်လက်ရရှိနေ

 

၅ အောက်တိုဘာ၊ ၂ဝ၁၈

 

        လူထုဗဟိုပြုစီမံကိန်း (လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း) ၏ ၅ နှစ်မြောက် နှစ်ပတ်လည် ‘ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကို အောက်တိုဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ MICC-II ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ လွှတ်တော်ရေးရာ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊စီမံကိန်းမြို့နယ်များမှလွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ Program Leader, Mark Austin နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ သံရုံးများနှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့အစည်းများမှဖိတ်ကြားထားသူများ၊ အစိုးရဌာနဆိုင်ရာ ဧည့်သည်တော်များ၊ စီမံကိန်းအကောင်အထည်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြို့နယ်များမှ စီမံကိန်းဝန်ထမ်းများနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ၊စီမံကိန်း ဆုရကျေးရွာများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့် အခြား ဖိတ်ကြားထားသူ စုစုပေါင်း (၇၀၀) ခန့် တက်ရောက်ခဲ့သည်။

 

စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်စဉ်ကကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာသန်း၈ဝ ဖြင့်စတင် ဆောင်ရွက်ခဲ့ပြီးယခုအခါကမ္ဘာ့ဘဏ်၏အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေ၊အီတလီအစိုးရနှင့်ယူကေနိုင်ငံတို့မှနှစ်ရှည် ချေးငွေနှင့် ထောက်ပံ့ငွေများနှင့်အတူ မြန်မာနိုင်ငံအစိုးရ၏ထည့်ဝင်ငွေအပါအဝင်စုစုပေါင်းအမေရိကန် ဒေါ်လာ၅၄၆ သန်းခန့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  စီမံကိန်း လျာထားကာလမှာ ၂ဝ၂၁ ထိ ဖြစ်သည်။ 

 

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်းလူထုဗဟိုပြုစီမံကိန်း၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်နေပြည်သူများအတွက် စာသင်ကျောင်းများ၊ လမ်းများ၊ တံတားများ၊ ကျန်းမာရေး ဆေးပေးခန်းများ၊ သောက်သုံးရေရှိရေးစနစ်များနှင့် မီးလင်းရေးလုပ်ငန်းများ စသည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း ရဝဝဝ ကျော်အတွက် စီမံကိန်းက ငွေကြေးနှင့် နည်းပညာအထောက်အပံ့ များ ပေးခဲ့ပြီး ကျေးရွာလူထုက ကိုယ်တိုင်စီမံခန့်ခွဲအကောင်အထည်ဖော်ခဲ့သည်။  လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃ ခုနှစ်ကတည်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်တာအတွင်း နေပြည်တော် ကောင်စီနယ်မြေအပါအဝင်တိုင်းနှင့်ပြည်နယ်၁၄ခုရှိ မြို့နယ်၆၃ မြို့နယ်မှ ပြည်သူလူထုရသန်းကျော်အတွက်အခြေခံအဆောက်အအုံစုစုပေါင်း ၂၁၇ဝဝ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

 

လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ရာတွင် ကျေးရွာအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကျေးရွာနေ ပြည်သူများကိုယ်တိုင် ရွေးချယ် အကောင်အထည်ဖော်နိုင်သည့် လူထုဗဟိုပြု နည်းလမ်းကို အသုံးပြုပါသည်။ ထို့အပြင် ရရှိလာသည့် လုပ်ငန်းများအတွက် ငွေကြေးစီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ ပြန်လည်ဆန်းစစ်ခြင်း များ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် သင်တန်းများ ပို့ချခြင်း၊ နည်းပညာ ပံ့ပိုးပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။

 

နိုင်ငံတစ်ဝန်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးသည်နှင့်အမျှ နိုင်ငံ့လူဦးရေ ရဝ ရာခိုင်နှုန်း နေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရုံသာမက၊ လုပ်ငန်းအစမှအဆုံး ကိုယ်တိုင်ကြီးကြပ် တာဝန်ယူပြီး ဆောင်ရွက်နိုင်သည်အထိ လူထု၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ပံ့ပိုးပေးသည့် လူထုဗဟိုပြု စီမံကိန်းသည် ‘ပြည်သူကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်တဲ့ စဉ်ဆက်မပြတ် တိုးတက်မှုကို ရယူရန် ဆိုသည့် နိုင်ငံတော်၏ စီပွားရေးမူဝါဒကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနေသည့်၊ စီးပွားရေးမူဝါဒကို အပြည့်အဝ ထင်ဟပ်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။

       

        ထို့နောက် ကမ္ဘာ့ဘဏ်မှ Program leader, Mr. Mark Austin က စီမံကိန်းရလဒ်များ၊ အကောင်အထည်ဖော်ရာတွင် လိုက်နာဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များမှ ရရှိလာသည့် အကျိူးကျေးဇူးများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊  ယနေ့ ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးလိုသည့်အချက်များနှင့် ပတ်သက်၍ အကျဉ်းချုပ် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က “NCDDP Supports Democracy” ခေါင်းစဉ်ဖြင့် စီမံကိန်း၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်၊ အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်အဆင့်နှင့် ရရှိလာသည့် အကျိူးကျေးဇူးများကို တင်ပြခဲ့သည်။

 

        အစည်းအဝေးတွင် စီမံကိန်းဆုရကျေးရွာများမှ ကိုယ်စားလှယ်များအား ဆုချီးမြှင့်ပေးအပ်ခြင်း၊ ပဥ္စမနှစ် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများအား တင်ပြခြင်းများ ဆောင်ရွက်ပြီးနောက် တက်ရောက်လာသူများက  “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်နှင့်တစ်ဖွဲ့ “ကြွယ်ဝမှုနှင့် မိတ်ဖက် ခေါင်းစဉ်ဖြင့်တစ်ဖွဲ့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့သည်။ ထို့နောက် နေ့လည်ပိုင်းတွင်  စီမံကိန်းလုပ်ငန်းစဉ်တစ်ခုချင်းစီအတွက် အဖွဲ့ငယ် ၈ ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့သည်။ အဓိကအနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ကြုံတွေ့ရသည့် စိန်ခေါ်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် လာမည့် လအနည်းငယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းမြို့နယ်များအတွက် ရည်ရွယ်ချက်အတိုင်း အရည်အသွေးပြည့်မီအောင် မည်သို့ စီစဉ်ဆောင်ရွက်မည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 

နှစ်စဉ်ပြုလုပ်နေကြဖြစ်သော “ပြည်ထောင်စုအဆင့် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲ တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်စဉ်က ပူးပေါင်းပါဝင်ခဲ့သည့် ကျေးလက်လူထုအနေဖြင့်  စီမံကိန်း၏ ဆောင်ရွက်ချက်များအပေါ်  စိတ်ကျေနပ်မှုနှုန်း မြင့်မားလာကြောင်း  ဖော်ပြခဲ့ကြသည်။ အဆိုပါသုံးသပ်ဆွေးနွေးပွဲသည် စီမံကိန်း၏ တစ်နှစ်တာကာလပတ်လုံး ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ရန်နှင့် စီမံကိန်းဆက်လက်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်နိုင်ရန် စီမံကိန်းစက်ဝန်း တစ်နှစ်ပြီးတိုင်း နှစ်စဉ်ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်သည်။

 

 

ဆက်သွယ်ရန်

ဦးလှခိုင်၊ ညွှန်ကြားရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဖုန်း - ဝ၉-၄၄၂၀၇၆၂၄၄

Email: kokhy.ygn@gmail.com