ငါန်းဇွန်မြို့နယ်တွင်ကျောင်းဆောင်သစ်များ ဆောက်လုပ်မှုကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ပံ့ပိုးငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောင်းဆောင်သစ်များ ဆောက်လုပ်မှုအခြေအနေကို ဇွန်၁၉ရက် နံနက်၁၀နာရီမိနစ်၃၀က တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းမှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမြင့်သန်းနှင့် ဝန်ထမ်းများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အလျားပေ၆၀၊ အနံပေ၃၀၊ အမြင့် ၁၂ပေရှိ နပဲပင်ကျေးရွာစာသင်ကျောင်းဆောင်သစ်နှင့် အလျားပေ၃၀၊ အနံပေ၃၀၊ အမြင့်၁၂ပေရှိ ရွာသစ်ကုန်းကျေးရွာက စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းမှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးက ကျေးရွာတာဝန်ကျ လူထုစည်းရုံးရေးမှူး လက်ထောက်နည်းပညာမှူးနှင့် ကော်မတီဝင်များကို စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းသည်။

          ထိုနောက် စာသင်ကျောင်းဆောင်သစ်များဆောက်လုပ်ရာတွင် ဘိလပ်မြေအချိုးအစားမှန်ကန်စွာ အသုံးပြုရေး၊ကြမ်းခင်းကို အမာခံရရန်အတွက် အုတ်စီအချောကိုင်နေချိန် သဲများကြိုတင်ဖြည့်ထားရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် (Drain & Apron) ဆောင်ရွက်ပေးရေးတို့ကို အသေးစိတ်မှာကြားခဲ့ကြောင်းသိရသည်။