သွားလာရေး အဆင်ပြေစေရန် ထို့ကော်ကိုးကျေးရွာ မြေသားလမ်းခင်းခြင်း ဆောင်ရွက်

 ၁၈ ဇန်နဝါရီ  ၂၀၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် နဘူးတံခွန်တိုင် ကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာ ရွာတွင်းနှင့် ရွာချင်းဆက် မြေသားလမ်းခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

ရွာချင်းဆက်မြေသားမှာ ဝဲလစ်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ်သိန်း (၂၀၀) အတိုင်းအတာအားဖြင့် (အရှည် ၅၀၅၀ ပေ x အကျယ် ၁၆ ပေ x ထု ၁ ပေ) ဖြင့်လည်းကောင်း၊ ရွာတွင်းမြေသားလမ်းမှာ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀) အတိုင်းအတာအားဖြင့် (အရှည် ၂၅၀၀ ပေ x အကျယ် ၁၆ ပေ x ထု ၁ ပေ)ဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၄၃၆)စု၊ လူဦးရေ (၂၂၅၀)ဦးတို့၏ မိုးရာသီနှစ်စဉ်ကြုံတွေ့နေရသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲ​ခြင်း၊ လမ်းများပျက်စီးခြင်းကြောင့် အရေးပေါ် အခြေအနေများတွင် အခက်အခဲများရှိခြင်းမှ ကင်းဝေးလျက် လူမှုစီးပွားရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။