ကျောက္ကာကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်နိုင်ရေး Level Survey တိုင်းတာ

ပေါက်  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက္ကာကျေးရွာအုပ်စု ကျောက္ကာကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရယ်ရွယ်၍ အိမ်တိုင်ရာရောက်ရေပိုက်လိုင်း သွယ်တန်းဆောင်ရွက်ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း တိုင်းတာ ခဲ့သည်။  

ထိုသို့ကွင်းဆင်းစစ်ဆေးရာ တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း အခြေခံအဆောက်အဦတာဝန်ခံ ဦးကျော်သာဖြူ၊  ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျားမရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာ ရေရရှိရေး ကော်မတီများသည် ကျောက္ကာကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးဆောင်ရွက်ပေးနိုင်ရေး သွယ်ယူရမည့် ရေပိုက်လိုင်းပေအရှည်၊ ရေစုကန်တည်ဆောက်ရမည့် မြေပြင်အခြေအနေ အနိမ့်အမြင့်များကို Level Survey တိုင်းတာမှု များ ဆောင်ရွက်ခဲ့သည်။

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေး ရေပိုက်လိုင်းပေ ၉၉၀၀ သွယ်တန်းခြင်းလုပ်ငန်းကို ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၃၂၂ အိမ်၊ လူဦးရေ ၁၅၉၁ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တွေ အတွက် သောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုမည်ဖြစ် ကြောင်းသိရသည်။

သတင်း - စိုးမိုးကျော်