သောက်သုံးရေ ဖူလုံစေရန် စိမ့်စမ်းရေ သွယ်တန်းခြင်းဆောင်ရွက်

၇ ဇန်နဝါရီ  ၂၀၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရန်ကုတ် ကျေးရွာအုပ်စု၊ ဇော်ဟဲ ကျေးရွာ စိမ့်စမ်းရေရရှိရန် ရေပိုက်သွယ်တန်းခြင်းနှင့် ရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

အဆိုပါ ရေပိုက်သွယ်တန်းခြင်းနှင့် ရေလှောင်ကန်တည်ဆောက်ရေးလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၁၈၃)သိန်း ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် ရေထွက်ပင်ရင်းမှ ကျေးရွာအထိ ပိုက်လိုင်းပေပေါင် ၉၅၀၀ နှင့် ရေလှောင်ကန် အတွက် (အလျား ၂၀ ပေ x အနံ ၁၄ ပေ x အမြင့် ၆ ပေ)ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းစန္ဒာစိုး၊ လူထုစည်းရုံးရေးမှူး နန်းစန္ဒာသင်း တို့မှအနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများ၊ ကျေးရွာလူထုတို့၏ တက်ကြွစွာပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၅၅)စု၊ လူဦးရေ (၃၆၀)ဦးတို့အတွက် နွေရာသီရေရှာပါးမှုမှ ကင်းဝေးလျက် လိုအပ်သော သောက်သုံးရေများ လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။