ကျေးရွာမီးလင်းရေး စီမံကိန်းလုပ်ငန်းခွဲအတွက် ဝယ်ယူရေးအကဲဖြတ်အစည်းအဝေးကျင်းပ

 ၂၈ ဒီဇင်ဘာ ၂၀၂၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ရေပူကြီးကျေးရွာအုပ်စု လေးတိုင်ကျေးရွာ၌ နေ့လည် ၁:၀၀ နာရီ အချိန်တွင် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများမှ ဦးဆောင်၍ ကျေးရွာမီးလင်းရေးလုပ်ငန်း များအား တာဝန်ယူဆောင်ရွက်မည့် ကန်ထရိုက်တာ ရွေးချယ်ခြင်းအတွက် ဝယ်ယူရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးစောဟိန်းမင်းနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးတို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်အင်ဂျင်နီယာ အကြံပေး ဒေါ်သန္တာသတ်မှ စီမံကိန်းအကောင်အထည်ဖော်မည့် လုပ်ငန်းသဘောတရားများအား ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာကော်မတီဝင်များသည် ကန်ထရိုက်တာများ၏ အဆိုတင်သွင်းလာသော စာအိတ်များအား အများပြည်သူရှေ့တွင် ဖွင့်ဖောက်ကြေညာခြင်း၊ ကျေးရွာကော်မတီဝင်များနှင့် စီမံကိန်းတာဝန်ရှိသူ များမှ ဝယ်ယူရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ နည်းပညာများ စီစစ်ခြင်း၊ အမှတ်ပေးခြင်းဖြင့် ဈေးနှုန်းများဖော်ပြနှိုင်းယှဉ်လျက် ကျေးရွာကော်မတီဝင်များမှ ထိုအချက်များပေါ်အခြေခံ၍ လုပ်ငန်းရှင်များအား ရွေးချယ်ခြင်း အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

ထိုကဲ့သို့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များနှင့်အညီ ဇကာတင်ရွေးချယ်ပြီးစီးပါက ရွေးချယ်ခြင်းခံရသော ကန်ထရိုက်တာနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ရေပူကြီးကျေးရွာအုပ်စုအတွင်းရှိ လေးတိုင်ကျေးရွာနှင့် ကော့ဝါလဲအုပ်စုအတွင်းရှိ အေးချမ်းသာယာ၊ ပိတောက်ကုန်း၊ နောင်တမံကျေးရွာများတွင် လျှပ်စစ်မီးကြိုးတပ်ဆင်ခြင်း လုပ်ငန်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။