ကန့်ဘလူမြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာများ ကွင်းဆင်းစစ်ဆေး

Village Revolving Fund Project Activities in Kanbalu Monitored by Respective Officials

Sagaing, 15 November 2020, Myanmar Digital News

ကန့်ဘလူ ၁၅ နိုဝင်ဘာ

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလ မိသားစု ဝင်ငွေလျော့ နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ အပေါ် ကုစားနိုင်ရန်အတွက် CERP အစီအစဉ်အရ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၈) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ကျေးရွာ (၄)၌ ဆောင်ရွက်နေမှု အခြေအနေများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့်ဝန်ထမ်းများက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်လျက် ရှိသည့် ဘုတ်ကုန်းကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ သလဲဦးကျေးရွာ၊ ခအုံးတာကျေးရွာများသို့ ကွင်းဆင်း၍ စီမံကိန်းရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း၊ စာရင်းဇယား ထိန်းသိမ်း ထားသိုနည်းများ စစ်ဆေးကာ လိုအပ်သည်များ သင်ကြားပြသပေးခဲ့သည်။

ထို့ပြင် ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံကာ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြသည့် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။ အဆိုပါ ကျေးရွာများတွင် စီမံကိန်းချေးငွေဖြင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

http://www.mdn.gov.mm/my/knbhluumiunyttng-keraamttnnyrnpunngeciimnkin-keraamaa-kngchngccche