ကျွန်းစုမြို့တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်

Village Selection Meeting Held for Cash for Work and Village Development Projects in Kyun Su

Tanintharyi, 19 November 2020, Ministry of Information

ကျွန်းစု နိုဝင်ဘာ ၁၉

 

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျေးရွာများ ရွေးချယ်ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး တို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။

ထိုနောက် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက စီမံကိန်း ရွေးချယ်ရမည့် အခြေခံမူများအား ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ကျွန်းစုမြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းကျေးရွာ (၁၄)ရွာနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) (၇)ရွာ တို့ကို အခြေခံ စံသတ်မှတ်ချက်များ နှင့်အညီ ဆွေးနွေးညှိနှိုင်း ရွေးချယ်ခဲ့ကြသည်။

ကျွန်းစုမြို့နယ်တွင် မြိုင်သာကျေးရွာ၊ ဘိုတောင်ကျေးရွာ၊ အောက်လအဲကျေးရွာ၊ မနွယ်ကျေးရွာ၊ ဇယော့ကျေးရွာ၊ ဝါးချောင်းကျေးရွာ၊ စခန်းသစ်ကျေးရွာ၊ အနှိုင်းကျေးရွာ၊ ရေကန်တောင်ကျေးရွာ၊ သဘောင်းတောင်ကျေးရွာ၊ ကြပ်ချောင်းကျေးရွာ၊ ရေကန်အော်ကျေးရွာ၊ သန္တာကျွန်းကျေးရွာ၊ ဝါရစ်(ကရင်) ကျေးရွာ ၊ စုစုပေါင်း ကျေးရွာ(၁၄)ရွာ တို့၌ Cash For Work စီမံကိန်းကို လည်းကောင်း၊ လင်မလိုကျေးရွာ၊ သထာကျေးရွာ၊ ရတောင်(ပြင်)ကျေးရွာ၊ ရတောင်(တွင်း)ကျေးရွာ၊ ခိုတောင်ကျေးရွာ၊ ဝါးအော်ကျေးရွာ၊ ကမ်းသာ ကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၇)ရွာ တို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကို လည်းကောင်း၊ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

https://www.moi.gov.mm/iprd/news/21561