လူထု ဗဟိုပြု စီမံကိန်းမှ နိုင်ငံတစ်ဝန်း ကျေးလက်နေ လူဦးရေ စုစုပေါင်း ၇ ဒသမ ၃ သန်းခန့်ကို အကျိုးပြုလျက်ရှိ

NCDDP Project Benefitting about 7.3 Millions Rural Community Members across the Country

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော လူထု ဗဟိုပြု စီမံကိန်းဖြင့် မြန်မာနိုင်ငံ အနှံအပြား ကျေးလက်ဒေသများတွင် နေထုင်လျက်ရှိသော ပြည်သူများ လူမှု စီးပွားဘဝ ဖွံဖြိုးတိုးတက်ရေး၊ ကျေးလက် အခြေခံ အဆောက် အအုံများ ဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ယခု အခါတွင် ကျေးလက်နေ လူဦးရေ ၇ ဒသမ ၃ သန်းခန့်အား အကျိုးပြုလျက် ရှိနေပါသည်။

လူထု ဗဟိုပြု စီမံကိန်းသည် နိုင်ငံတစ်ဝန်း ကျေးလက်နေ ပြည်သူများ အားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၅ ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မြို့နယ်များတွင် ကချင်ပြည်နယ်မှ မြို့နယ် ၃ ခု ၊ ချင်းပြည်နယ်မှ မြို့နယ် ၄ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၅၊ မကွေးတိုင်း ဒေသကြီးတွင် မြို့နယ် ၅ ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် ၅ ခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ ခု၊ ရခိုင် ပြည်နယ်ရှိ မြို့နယ် ၃ ခု၊ ကယားပြည်နယ်မှ မြို့နယ် ၇ မြို့နယ် ၊ နေပြည်တော် ကောင်စီနယ်မြေမှ မြို့နယ် ၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ် ၅ ခု၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ ခု၊ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၄ ခု၊ ကရင်ပြည်နယ်မှ မြို့နယ် ၃ ခု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၃ ခု၊ တနင်္သာရီတိုင်း ဒေသကြီးရှိ မြို့နယ် ၂ ခုတို့ ပါဝင်ခဲ့သည်။

လူထု ဗဟိုပြု စီမံကိန်း သည် အဆိုပါ မြို့နယ်များရှိ ကျေးရွာများတွင် ကျေးရွာလူထု ကိုယ်တိုင် ဦးစားပေး ရွေးချယ်ခဲ့သော လုပ်ငန်းများကို လူထုနှင့် လက်တွဲကာ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးချယ် ဆောင်ရွက်ခဲ့သော လုပ်ငန်း စုစုပေါင်း ၃၆၁၀၈ တွင် ရေပေးရေး လုပ်ငန်းပေါင်း ၄၃၃၀ ၊ မီးလင်းရေး လုပ်ငန်းပေါင်း ၃၂၁၇ ၊ လမ်းနှင့် တံတား လုပ်ငန်းပေါင်း ၂၀၇၀၂ ၊ ကျန်းမာရေး အဆောက်အအုံ ၁၄၉၊ ပညာရေး အဆောက်အအုံ ၅၂၄၃ နှင့် ရပ်ရွာ အခြေခံ အဆောက်အအုံနှင့် အခြားလုပ်ငန်းပေါင်း ၄၀၆၅ ခု တို့ ပါဝင်ပါသည်။

လူထု ဗဟိုပြု စီမံကိန်းသည် မြို့နယ်ပေါင်း ၆၃ မြို့နယ်ရှိ ကျေးရွာ စုစုပေါင်း ၁၂,၄၂၇ ရွာ တွင် ကျေးလက် အခြေခံ အဆောက် အအုံပေါင်း ၃၇,၇၀၆ ကို စီမံကိန်း ရန်ပုံငွေကျပ် စုစုပေါင်း ၄၄၉ ဘီလီယံ အသုံးပြု ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးရွာများတွင် နေထိုင်သော လူဦးရေ စုစုပေါင်း ၇ ဒသမ ၃ သန်းခန့်ကို အကျိုးပြုနိုင်ခဲ့ပါသည်။

စီမံကိန်း လုပ်ငန်းများကို ကျေးရွာ လူထု ကိုယ်တိုင် ပူးပေါင်း ပါဝင်မှုဖြင့် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းပညာဆိုင်ရာများအတွက် သင်တန်း စုစုပေါင်း ၃၃,၄၂၇ ကြိမ် ပို့ချပေးခဲ့ရာ သင်တန်းသူ ၅၃၃,၄၂၁ ဦးနှင့် သင်တန်းသား ၅၈၈၁၀၄ ဦး စုစုပေါင်း ၁,၁၅၄,၉၅၂ ဦး အား သင်တန်းများ ပို့ချပေးနိုင်ခဲ့ပါသည်။

စီမံကိန်း လုပ်ငန်းများတွင် ရပ်ရွာ လူထုက ပူးပေါင်း ပါဝင် ဆောင်ရွက်ရာတွင် အမျိုးသမီးများ အနေဖြင့် ရပ်ရွာ အရေး ဆောင်ရွက်ရာတွင် လည်းကောင်း၊ ဆုံးဖြတ်ချက်များ ချမှတ် ရာတွင် လည်းကောင်း ဦးဆောင်ကဏ္ဍများတွင် ပါဝင်နိုင်ရေး တို့အတွက် စီမံကိန်း အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရာတွင်လည်း ကျား-မ တန်းတူ အချိုး ညီညီ ပါဝင်စေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အကြား ကျား-မ တန်းတူရှိမှုကို အလေးထား မြှင့်တင်ပေးခဲ့ပါသည်။

ကျေးရွာများရှိ အခြေခံ အဆောက်အဦးများ တည်ဆောက်သည့် လုပ်ငန်းများတွင် ဒေသတွင်း လူမှု စီးပွားဘဝ မြှင့်မား စေရန်အတွက် ဒေသတွင်း ရရှိနိုင်သော အရင်းအမြစ်များကို ဦးစားပေး အသုံးပြုခြင်း နှင့် ဒေသခံ လုပ်သားများ ကို အသုံးပြု ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်အားခ စုစုပေါင်းကျပ် ၄၅ ဒသမ ၉၇ ဘီလီယံကို ဒေသခံ ကျား- မ လုပ်သား စုစုပေါင်း ၁ ဒသမ ၅ သန်း ကျော်အတွက် ပေးချေ နိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှ စတင်ခဲ့သော လူထု ဗဟိုပြု စီမံကိန်းကို နိုင်ငံတော် အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်ခြင်း၊ ကမ္ဘာ့ဘဏ်၊ အီတလီ အစိုးရ၊ ဂျပန်နိုင်ငံနှင့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာန (DFID) တို့မှ ပံ့ပိုးငွေတို့ဖြင့် အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက် ရှိပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် မြို့နယ်အားလုံးတွင် စီမံကိန်း ဆောင်ရွက်ပြီးစီးခဲ့သော ကယားပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတို့မှ အပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တို့မှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ငွေကျပ် ၂၂ ဘီလီယံ သုံးစွဲပြီး တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်သည်။

Read English Version: https://cdd.drdmyanmar.org/mm/news-55619