မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်သော ဟာလ်တူးကျေးရွာ လူထုခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ဟာလ်တူးကျေးရွာအုပ်စု၊ ဟာလ်တူးကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုခန်းမဆောင် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလူထုခန်းမဆောင်သည် အတိုင်းအတာ (၅၀’×၃၀’) ရှိပြီး၊ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၂၅၀)၊ ကျေးရွာလူထုထည့်ဝင်ငွေကျပ် (၂၆၀၀၅၀၀)၊ စုစုပေါင်းကျပ်သိန်း(၂၇၆၀၀၅၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ခန်းမဆောင်တွင် လူထုတွေ့ဆုံပွဲဆက်လက်ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးပဲန်ဘွေးထန်(ဒုတိယဦးစီးမှူး)မှ စီမံကိန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ဝင် ဦးလုံပန်း (လူမှုတာဝန်ယူမှု/တာဝန်ခံမှုတာဝန်ခံ)မှ ကျေးရွာလူထုအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သည့်လမ်းစဉ်တွင် တွေ့ကြုံရသော အခက်အခဲ၊ အတားအဆီးများ၊ ဆောင်ရွက်နိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပါခန်းမှ အမှာစကားပြေားကြားခဲ့ပြီး၊ ကျေးရွာလူထုကိုယ်စား ဦးထောင်ဘဲလ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။