မြို့သစ် မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်း ၁၉ ခု ရာနှုန်းပြည့် ပြီးစီး

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် မြို့သစ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့သစ် မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းနဲ့ မြို့နယ် အတွင်းမှာ ရှိတဲ့ မကြီးချို (တောင်)၊ မကြီးချို (မြောက်)၊ အင်းရွာကြီး၊ ပုလင်းပြားကြီး၊ ရွာသာယာ၊ ရွှေပန်း၊ အိုင်မဲ၊ အိုင်မ၊ ပိတ်ချင်းစမ်း၊ မြေပြင်သာ စတဲ့ ကျေးရွာ ၁၀ ရွာမှာ ကျေးရွာ တစ်ရွာကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ အဝင်နဲ့ ကျေးရွာတွင်း ကျောက်ရော မြေလမ်းခင်းခြင်းနဲ့ လမ်း ပြုပြင်ခြင်း လုပ်ငန်း ၁၀ ခု၊ ရေနုတ်မြောင်း တူးဖော်တဲ့ လုပ်ငန်း ၇ ခု၊ စာသင်ကျောင်းဆောင် ခြံစည်းရိုး ကာရန်တဲ့ လုပ်ငန်း ၁ ခု၊ ဘောလုံးကွင်း ပြုပြင်တဲ့ လုပ်ငန်း ၁ ခု၊ စုစုပေါင်း လုပ်ငန်း ၁၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အခုအခါမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့သစ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ အလုပ်လက်မဲ့ ဖြစ်နေသူတွေ ဝင်ငွေ မရှိတဲ့ သူတွေ၊ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး စီမံကိန်း လုပ်ငန်းတွေကို ဝင်ရောက် လုပ်ကိုင်စေကာ တစ်နေ့တာ လုပ်အားခ အနေနဲ့ ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ် လက်ငင်း ပေးချေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ မြို့နယ် ဦးစီးမှူးက ဆက်လက် ပြောကြားခဲ့ပါတယ်။

သတင်း - သန်းလွင် (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage