စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုဖြင့် ကျေးရွာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ

ဝန်းသို ဩဂုတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် သဖန်းဆိပ်ကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် ရေပြွန်ထည့်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် ကျေးရွာပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ကျေးရွာ Cash For Work စီမံကိန်းဆောင်ရွက်တဲ့နေရာမှာ မရှိတဲ့သူ၊ လက်လုပ် လက်စားလေးတွေနဲ့ကိုဗစ်-၁၉ကြောင့် ထိခိုက် နစ်နာလွယ်တဲ့မိသားစုတွေအတွက် ရည်ရွယ်ပြီးတော့ ဆောင် ရွက်ပေးနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရွာမှာ ဆင်းရဲနွမ်းပါး သူတွေကများ၊ နောက်ပြီး အမျိုးသမီးဦးဆောင်တဲ့ မိသားစုတွေကလဲများတဲ့အတွက် သူတို့ကို ဦးစားပေးအစီအစဉ်နဲ့ဆောင်ရွက်စေပါတယ်၊ အခုလဲ အမျိုးသမီးတွေ အများစုပါဝင်ဆောင်ရွက်နေပါတယ်၊ အလုပ်ချိန်သတ်မှတ်ထားတာကတော့ မနက် ၈နာရီမှ ညနေ ၄နာရီအထိဖြစ် ပါတယ်၊ အဲ့ဒီထဲမှာမှ မူးယစ်သောက်စားတဲ့သူ၊ အသက်၁၅ နှစ်အောက် ငယ်တဲ့သူ၊ အသက်ကြီးလွန်းသောသူများကို လုပ်ကိုင်ခွင့်မပြုပါဘူးခင်ဗျ၊ ကျွန်တော်တို့ကျေးရွာမှာ ယခုစီမံ ကိန်းကို ချပေးတဲ့အတွက် နှစ်စဉ်နှစ်တိုင်းဗွက်ကျိုဗွက်ကြား သွားလာနေရတဲ့ ကျောင်းသားလေးတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေ သွားရေး လာရေးမှာ အဆင်ပြေချောမွေ့ပြီးတော့၊ မိသားစုဝင်ငွေရလုပ်ငန်းလေး တွေလဲ လုပ်ကိုင်နေရတဲ့အတွက် များစွာ အဆင်ပြေပါတယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရနဲ့ မြို့နယ်ကျေးလက်ဦးစီးဌာနကိုလည်း အများကြီးကျေးဇူး တင်ပါတယ် ဟု ကျေးရွာစီမံကိန်း ကော်မတီဥက္ကဌ ဦးဇော်မျိုး က ပြောသည်။

အဆိုပါကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း အရှည်ပေ ၄၀၀၀၊ အကျယ် ၁၂ ပေ၊ ၈လက်မထုနှင့် ရေပြွန်(၃)စင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း၁၀၀ဖြင့် ကျေးရွာလူထုကိုယ်တိုင် စီမံကိန်းကာလနှစ်လအတွင်း အပြီးသတ်ဆောင်ရွက်လျက်ရှိပြီး ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းကို ကျေးရွာ ၆ရွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/2544