ကျောက်တန်းမြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်တန်း ဩဂုတ် ၉

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် နရွဲချောင်ကျေးရွာ ရေမြောင်းတူးဖော်ခြင်းနှင့် ကျေးရွာပိုင် အဆောက်အဦ ပတ်လည်မြေဖို့နေမှု၊ ဘိုးဘကျေးရွာ ကျေးရွာတွင်း လမ်းဘေးလမ်းပုခုံး မြေဖို့ခြင်းနှင့် ရေထွက်မြောင်းမကြီး တူးဖော်ဆောင်ရွက်နေမှု၊ မုဆိုးဆိပ်ကျေးရွာတွင် နိဗ္ဗာန်သွားလမ်း ဆောင်ရွက်မှု၊ ရေထွက်မြောင်းမကြီး တူးဖော်နေမှုနှင့် ရေကန်ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြကိုင်းကျေးရွာ မြေသားရေကန် နှစ်ကန်အကြား ရေပိုက်သွယ်တန်းရန် ဆောင်ရွက်နေမှုများအား ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ Cash For Work စီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းတွင် ကိုဗစ်-၁၉ကာလ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project)ကို လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်သူများအတွက် တစ်ဘက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချမှတ်ပေးသည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

 

ခင်ဆွေဝင်း(ကျောက်တန်း)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3255