ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ Cash for Work စီမံကိန်း နှင့် ကျေးရွာ မတည်ရန်ပုံငွေ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Union Minister for MOALI Conducted Field Visits to See Cash for Work and Village Revolving Fund Activities in Lewe and Oke Tara Thiri Townships

Nay Pyi Taw, 6 August 2020, MRTV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဟာ ဩဂုတ်လ ၆ ရက်နေ့ နေပြည်တော် ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ် ကုန်းပေါ်စုကျေးရွာ နဲ့ အိမ်ခြေနှစ်ဆယ် ကျေးရွာများမှာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး အားပေးခဲ့ပါတယ်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့ဟာ ကုန်းပေါ်စုကျေးရွာသို့ ရောက်ရှိကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နေပြည်တော် တိုင်းဒေသကြီး ဦးစီးမှူး ဦးဌေးဝင်း နဲ့ တာဝန်ရှိသူများ က လယ်ဝေးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်း လုပ်ငန်းဆိုင်ရာများ ၊ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ နဲ့ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါတယ်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လတ်တစ်လော ဆောင်ရွက်ချက်များ အရ ဒေသနေ ပြည်သူများနဲ့ ထိတွေ့ ဆက်ဆံစဉ် အတွင်း ၎င်းတို့ရဲ့ ရေရှည် စားဝတ်နေရေး ချောင်လည်စေဖို့နဲ့ မိသားစု အပိုဝင်ငွေ ရရှိစေနိုင်တဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့ အတွက် ဆက်စပ် ဌာနများ အချင်းချင်း ချိတ်ဆက် ကူညီပေးနိုင်ရေးကိုပါ ကြိုးပမ်း ပေးကြပါရန် မှာကြားခဲ့ပါတယ်။

ကုန်းပေါ်စုကျေးရွာမှာ အိမ်ထောင်စု ၂၇၇ စု ရှိကာ လူဦးရေ ၁၁၈၇ ဦး နေထိုင်လျက် ရှိကာ တောင်သူ ၃၅ ဦး၊ ဈေးဆိုင် ၆ ဆိုင်နဲ့ လက်လုပ်လက်စား ၂၃၆ ဦးရှိကြောင်း အခု ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းမှာ ပါဝင်တဲ့ ရွာတွင်းလမ်း ရိစာမြေ ပြုပြင်ခြင်း၊ ရေမြောင်းတူးခြင်း၊ ဝါးထရံကပ်ခြင်းလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်တာကြောင့် လုပ်အားခ တန်ဖိုး ၅,၉၅၀,၈၀၀ ကျပ် ကို ခံစားကြရမှာ ဖြစ်ပါတယ်။

အဲဒီမှ တစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ အိမ်ခြေနှစ်ဆယ် ကျေးရွာသို့ ရောက်ရှိကြရာ ကျေးရွာသူ ကျေးရွာသားများက Cash for Work စီမံကိန်းမှာ ပါဝင်တဲ့ လမ်းဘေး မြောင်း တူးခြင်း၊ လက်တူးတွင်း ဆယ်ယူခြင်း၊ ကျေးရွာ အစည်းအဝေး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နေမှုများကို ကြည့်ရှု့ အားပေးခဲ့ပါတယ်။

အိမ်ခြေ ၂၀ ကျေးရွာမှာ အိမ်ထောင် စု ၆၃ စု ရှိကာ လူဦးရေ ၂၁၀ နေထိုင်လျက်ရှိကာ တောင်သူ ၂၅ ဦး ဈေးဆိုင် တစ်ဆိုင်နဲ့ လက်လုပ်လက်စား ၃၇ ဦး ရှိကြောင်း၊ အခု ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းမှာ ပါဝင်တဲ့ လမ်းဘေး မြောင်း တူးခြင်း၊ လက်တူးတွင်း ဆယ်ယူခြင်း၊ ကျေးရွာ အစည်းအဝေး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်တာကြောင့် လုပ်အားခ တန်ဖိုးငွေကျပ် ၆, ၀၂၀, ၀၈၂ ကျပ်ကို ခံစားကြရမှာ ဖြစ်ပါတယ်။

Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ၂၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၄, ၀၈၀ ရှိရာမှ နိုင်ငံတော် ခွင့်ပြု ရန်ပုံငွေ ၂၅ ဘီလီယံ ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကာ စီမံကိန်း ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ခွဲဝေပေးကာ ကျေးရွာ လူထု၏ ဆုံးဖြတ်ချက်ဖြင့် မိမိ ရပ်ရွာ လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ပါဝင်လုပ်ကိုင်သူကို လုပ်အားခ ခံစားစေခြင်း၊ Labour Intensive နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၃၅၅၀ ကို ဆောင်ရွက်လျက်ရှိကြောင်းလဲ သိရပါတယ်။

၎င်းမှ တစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ် နန်ချွန်ကျေးရွာသို့ ရောက်ရှိကြကာ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) အရ ချေးငွေ ထုတ်ချေးပေးနေမှုကို ကြည့်ရှုအားပေးပါတယ်။

အဆိုပါ ကျေးရွာမှာ လူဦးရေ (၃၈၃) ဦး နေထိုင်ကာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ နိုင်ငံတော် ထောက်ပံ့ငွေ ကျပ်သန်း(၂၀)နဲ့ ဆောင်ရွက်တဲ့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)မှ ချေးငွေများ ရယူကာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနဲ့ ဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိ ရပါတယ်။

MRTV Media Coverage

#CERP, #CFW, #DRD, #MOALI

https://youtu.be/Nkwy03jiuwI

https://www.mrtv.gov.mm/mm/news-83831