လွိုင်ကော်မြို့နယ် လုထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော် မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်၀န်း) အတွက် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂၈ ရက်နေ့က လွိုင်ကော်မြို့ရှိ ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ် လူထုဗဟိုပြု စီမံကိန်း တာ၀န်ခံ ဦးထွန်းချစ်မှ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ၊ လွိုင်ကော် မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်နော်ဂျူးလစ်မှ လုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လွိုင်ကော် မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဆောင်ရွက်ရန် တင်ပြထားသော လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းညှိခြင်းနှိုင်းအစည်းအဝေးသို့ ပြည်နယ် ကျေးလက်ဦးစီးမှူး၊ ပြည်စီမံကိန်းတာ၀န်ခံ၊ ခရိုင် ကျေးလက်ဦးစီးမှူး၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အတူ ဌာနဆိုင်ရာများ၊ NGO၊ INGO များ မှ ကိုယ်စားလှယ်များ၊ လူထုဗဟိုပြု စီမံကိန်း ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်၀န်း) တွင် လွိုင်ကော် မြို့နယ်အတွင်း ကျေးရွာ ပြည်သူများ ရွေးချယ် တင်ပြထားသည့် လုပ်ငန်းများ ဖြစ်သော လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ် မီးလင်းရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွား ကဏ္ဍ စသည့်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီ အကျုံးဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။

လွိုင်ကော်မြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်းမှ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်း ၉၀ ခု ရှိပြီး၊ လာမည့် ဘဏ္ဍာ‌ရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်း ၉၄ ခု ရှိပါသည်။