ပျော်ဘွယ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် သြဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ် မိုးနံ့ကုန်းအုပ်စု အုပ်ဆပ္ပင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့်တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးစိုးသန်း၊ ရမည်းသင်းခရိုင်ဦးစီးမှူးဦးဟန်မြင့်ထွန်း နှင့်တာဝန်ရှိသူများက လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံနှင့်ကျေးရွာလူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များမှ လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အုပ်ဆပ္ပင်ကျေးရွာမြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့်လုပ်ကိုင်ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့်အိမ်တွင်းမှုလုပ်ငန်းများ လိုက်လံကြည့်ရှုပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်မှ စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်ထားသောလုပ်ငန်းများအား ရေရှည်တည်တံ့အောင်ထိန်းသိမ်းကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ကြရေး၊ မြစိမ်းရောင်အတိုးရငွေများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင်တိုင်ပင်ဆွေးနွေးကြရန်နှင့်လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ဖြိုးထက်(ပျော်ဘွယ်)