ပေါက်မြို့နယ် ကျောက်ခွက်ကျေးရွာ မြေသား ရေလှောင်ကန် တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ချုံးကျေးရွာအုပ်စုက ကျောက်ခွက် ကျေးရွာဟာ နှစ်စဉ် နွေရာသီ ရောက်တဲ့ အခါတိုင်းမှာ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာတော့ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ မြေသား ရေလှောင်ကန်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်တူးဖော် ဆောင်ရွက်ခဲ့တာဟာ အခုအခါမှာ ရာနှုန်းပြည့် ပြီးစီးအောင်မြင်နေပြီလို့ သိရပါတယ်။

အဲဒီ မြေသား ရေလှောင်ကန် တူးဖော် ပြီးစီး အောင်မြင်မှုကို ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်းက နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာမှူး ဦးကျော်သက်၊ လူထု စည်းရုံးရေးမှူး ဦးခိုင်ဇော်ဝင်းနဲ့ ကျေးရွာ တာဝန်ခံ ဦးသန်းကျော်တို့ဟာ ကျေးရွာ ကော်မတီ အဖွဲ့ဝင်တွေနဲ့ အတူ ဇွန်လ ၁၆ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ကြပြီး၊ ကျေးရွာ တာဝန်ရှိသူတွေ ထံကို မြေသားရေလှောင်ကန် တည်တံ့ခိုင်မာအောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရမယ့် နည်းပညာ တွေကို အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ မြေသားရေလှောင်ကန်ဟာ အလျား ပေ ၃၀၀၊ အနံ ပေ ၁၅၀ ၊ အမြင့် ပေ ၃၀ ရှိပြီး၊ အဲဒီ ကျောက်ခွက် ကျေးရွာမှာ မှီတင်းနေထိုင်ကြတဲ့ လူဦးရေ ၃၈၇ ဦးနဲ့ အိမ်မွေး တိရစ္ဆာန်တွေအတွက် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank