ထီးလင်းမြို့နယ် ဟင်းခွက်ကုန်းကျေးရွာ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ ခရိုင် ထီးလင်းမြို့နယ် ဟင်းခွက်ကုန်းကျေးရွာမှာ နှစ်စဉ် သောက်သုံးရေ ဖူလုံစွာ ရရှိ စေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်းက အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ စိမ့်စမ်းရည်မှ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက နယ်မြေ လက်ထောက် နည်းပညာမှူး၊ ဒေါ်နွဲ့ဇာလီဝင်းနဲ့ နယ်မြေ လူထု စည်းရုံးရေးမှူး ဆလိုင်းနန်းထိုင်းတို့က သွားရောက်ကြည့်ရှု့ စစ်ဆေးကြောင်း သိရပါတယ်။

အဲဒီနောက် အဆိုပါ ကျေးရွာရှိ ဘက်စုံသုံး ခန်းမဆောင် စတုတ္ထနှစ် စက်ဝန်းမှာ လုပ်ဆောင်ထားတဲ့ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ထားရှိမှု များ၊ ဘဏ္ဍာရေး ဆိုင်ရာ စာရင်းများ၊ လည်ပတ် ထိန်းသိမ်း ပြုပြင်ရေးဆိုင်ရာ ငွေကြေး ကောက်ခံ ရရှိမှုနဲ့ အသုံးပြုမှု၊ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို လက်တွေ့ သင်ကြားခဲ့ကြောင်း သိရပါတယ်။

စိမ့်စမ်းရေကန်မှာ အလျား ၃၆ ပေ၊ အနံ ၃၆ ပေ၊ အနက် ၉ ပေ ရှိပြီးတော့ အဆိုပါ ကန်မှ ရေကို ကျေးရွာတွင်းမှာ ရှိတဲ့ ရေစုကန်ကို ပေးပို့ ပြီးတော့ ထိုကန်မှရေကို အိမ်တိုင်ရာရောက် ရေပေးဝေရာ အိမ်ထောင်စု ၇၈ အိမ်၊ လူဦးရေ ၃၂၇ ဦး အကျိုးခံစားခွင့် ရရှိနေကြောင်း သိရပါတယ်။

အိမ်တိုင်ရာရောက် ရေပေးဝေခြင်းမှာ စီမံကိန်းမှ ပံ့ပိုးငွေ ၂၄,၈၈၂,၃၀၀ ကျပ်၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၈၉၀,၀၀၀ ကျပ် စုစုပေါင်း ကုန်ကျငွေ ၂၅,၇၇၂,၃၀၀ ကျပ် ကုန်ကျကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank