ထီးလင်းမြို့နယ် သရခါကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်း ဒေသကြီး လူထုဗဟိုပြု စီမံကိန်းဆိုင်ရာ အကြံပေး တာဝန်ခံ ဦးမောင်ဘိုက မေလ ၃၀ ရက်နေ့ မနက်ပိုင်းက ထီးလင်းမြို့နယ် သရခါကျေးရွာအုပ်စု သရခါကျေးရွာသို့ ရောက်ရှိကာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းကု ရေပေးရေးလုပ်ငန်းများကို ကြည့်ရှု့ခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ ကြည့်ရှု့ရာမှာ ရေပိုက်လိုင်း သွယ်တန်းခြင်း ရေမီတာ တပ်ဆင်ခြင်းများကို လူထုဗဟိုပြု စီမံကိန်း ကော်မတီဝင်များကို လက်တွေ့ သင်ကြားပို့ချသွားကြောင်း သိရပါတယ်။

ထိုကဲ့သို့ သင်ကြားရာမှာ အဆိုပါ ကျေးရွာရှိ ကော်မတီဝင် ၁၅ ဦးအား ရေပိုက်လိုင်းတပ်ဆင်ခြင်း၊ ပိုက်ဆက် တပ်ဆင်ခြင်း၊ လေချူဘား တပ်ဆင်ရန် မြေပြင် အနေအထားရွေးချယ်ခြင်း၊ လေချူဘားများ တပ်ဆင်ခြင်း၊ ရေမီတာများ တပ်ဆင်ခြင်း စတဲ့ လုပ်ငန်းများကို တစ်ဦးချင်းစီ လက်တွေ့ သင်ကြားပို့ချသွားကြောင်း သိရပါတယ်။

အဲဒီနောက် မီးငြိမ်းသတ်ကန်အတွက် ရေပိုက်လိုင်းထုတ်မယ့်နေရာများကို ကျေးရွာကော်မတီများနဲ့ ရွေးချယ်ပြီး၊ ရေပိုက်လိုင်းခွဲများ တပ်ဆင်မှုကို လက်တွေ့ သင်ကြားခဲ့ပါတယ်။

အဆိုပါ ရေပိုက်လိုင်း သွယ်တန်းခြင်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ပြီး၊ ‌ယောပြည်သစ် ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ၂၀ ဒဿမ ၁၅ သန်း ကုန်ကျခဲ့တဲ့ အချင်း ၄ လက်မ အနက်ပေ ၆၀၀ အဝီစိတွင်းမှ ရေကို ၂၂ ကောင် အင်ဂျင်စက် ပန့်ဖြင့် စုပ်ယူကာ အလျား ၁၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေ ရှိ ဂါလံ ၅၀၀၀ ဆံ ရေကန်မှ ရေကို ပိုက်လိုင်းများ သွယ်တန်းပြီး၊ ကျေးရွာရှိ နေအိမ်များ အားလုံးကို အိမ်တိုင်ရာရောက် ပေးဝေတဲ့ စနစ် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရေကန်မှ ကျေးရွာတွင်းမှာ ရှိတဲ့ နေအိမ်အရောက် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းမှာ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းမှ တံတား တည်ဆောက်ခြင်းလုပ်ငန်းခွဲမှ ပိုငွေ ၃၅ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေ ၃ သိန်း ၅ သောင်းကျပ်၊ စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ ၃၈ သိန်း ၅ သောင်း ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ပြီးတော့ အဆိုပါလုပ်ငန်း ပြီးစီး သွားပါက ကျေးရွာရှိ အိမ်ထောင်စု ၁၄၀ မှ လူဦးရေ ၆၈၂ ဦး အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပြီး၊ နှစ်စဉ် ရေပတ်လပ်ခြင်းမှ လည်း ကင်းဝေးမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank