ဖိုင်တူကျေးရွာတွင် ကျောက်ကြီးစီရေမြောင်းနှင့် ရေထုတ်ပြွန်တည်ဆောက်ရေး ဆောင်ရွက်မည်

စိုက်ပျိုးရေး၊ ‌မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) မှ ဖိုင်တူအုပ်စု၊ ဖိုင်တူကျေးရွာ ကျောက်ကြီးစီ ရေမြောင်းနှင့် ရေထုတ်ပြွန် တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းအတွက် စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၁၀ ခုနှစ် မေလ ၂၁ နေ့တွင် ကျင်းပခဲ့သည်။

COVID 19 ကာလအတွင်း စီမံကိန်း လုပ်ငန်းခွဲများဆောင်ရွက်ခြင်းနှင့် အစည်းအဝေးများကို ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ COVID 19 ကာလအကောင်အထည်ဖော် ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ရန် ကျေးရွာ စီမံကိန်း ကော်မတီဝင်များကို မှာကြားခဲ့သည်။

ဖိုင်တူကျေးရွာအုပ်စု၊ ဖိုင်တူကျေးရွာတွင် ကျောက်ကြီးစီရေမြောင်းနှင့် ရေထုတ်ပြွန်ပြုလုပ်ခြင်းစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန် အတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ထဲမှ လူထုသို့တိုက်ရိုက်ထောက်ပံ့ငွေ ပထမအရစ်အနေဖြင့် ငွေကျပ် ၁၂, ၉၈၀, ၀၀၀ ကို ၂၀၂၀ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျေးရွာ တာဝန်ရှိကော်မတီဝင်အချို့ကို စတင် ထုတ်ပေးခဲ့သည်။

ထိုသို့ ထုတ်ပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးထောင်ဆွင်းမုန်နှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းတို့မှ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ် COVID 19 ကာကွယ် တားဆီးရေး ကာလအတွင်း ကျေးလက်နေ ပြည်သူများ အနေဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေ အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများအား ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ကျေးရွာလူထုအား ရှင်းလင်း ပြောကြားခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလုပ်သမားတစ်ဦးနှင့်တစ်ဦးအကြား ‌(၆)ပေခွာ၍ အလုပ်လုပ်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်အိတ်များ မဖြစ်မနေ ၀တ်ဆင်စေရန်၊ လက်ကို ဆပ်ပြာ‌၊ ရေတို့ဖြင့် စနစ်တကျ ဆေးကြောရန်အတွက် လုပ်ငန်းခွင်၌ စီစဉ်ထားရှိပေးရန်နှင့် စီမံကိန်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးရန်၊ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့် အခက်အခဲများရှိပါက သတင်းပို့ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပါသည်။