တွန်းဇံမြို့နယ် Covid-19 ရောဂါ ကြိုတင် ကာကွယ်တားဆီးရေး လှုပ်ရှားမှုများ ပြုလုပ်

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်အတွင်းမှာ Covid-19 ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းနဲ့ Unicef က ပေးပို့ တဲ့ Covid-19 အသိပညာပေး ဗီနိုင်းတွေ ဖြန့်ဝေ ကပ်ခြင်း လှုပ်ရှားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဝန်ထမ်းတွေက ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

တွန်းဇံ မြို့ပေါ်မှာ ရှိတဲ့ ဌာန ဆိုင်ရာတွေ Covid-19 ရောဂါ ကာကွယ်ရေး ဂိတ်နဲ့ တွန်းဇံ မြို့နယ် ကျေးရွာအုပ်စု ၇ အုပ်စု၊ ကျေးရွာ ၁၆ ရွာမှာ ရှိတဲ့ လူအသွားအလာ များတဲ့ နေရာတွေမှာ Covid-19 ရောဂါ အသိပညာပေး ဗီနိုင်းတွေ ကပ်ခြင်း၊ ဌာနဆိုင်ရာနဲ့ ကျေးရွာ တာဝန်ရှိသူတွေကို အသိပညာပေး ဗီနိုင်းတွေ ဖြန့်ဝေ ပေးအပ်ခြင်း၊ လမ်းသွား လမ်းလာတွေကို Covid-19 ရောဂါ ကာကွယ်တားဆီးရေးနဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန် အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Covid-19 ရောဂါ အသိပညာပေး လှုပ်ရှားမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး၊ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံနဲ့ နည်းပညာအကြံပေး အဖွဲ့ဝင်တွေ လက်ထောက် နည်းပညာမှူးတွေနဲ့ လူထု စည်းရုံးရေးမှူးတို့က ဦးဆောင် ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သတင်း - ဦးဇော်ဝင်း

Credit- SkyNet Media Coverage