သဲကုန်းမြို့နယ်တွင်း ကျေးရွာ မြေသားလမ်းများ အဆင့်မြှင့်တင်

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရုံးပင်တက် ကျေးရွာနဲ့ ဇီးကုန်းကျေးရွာ နှစ်ရွာမှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ မြေသားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံနဲ့ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးပါတယ်။

အဲလို ကွင်းဆင်းစစ်ဆေးရာမှာ ပဲခူးတိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသိန်းကျော်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းနဲ့ ဝန်ထမ်းတွေက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ အတူ အဲဒီ ကျေးရွာ နှစ်ရွာမှာ ရှိတဲ့ မြေသားလမ်း အဆင့်မြင့်တင်နေမှု အခြေအနေတွေကို ကြည့်ရှု စစ်ဆေးပြီး၊ လုပ်ငန်း အချိန်မီ ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်သွားကြဖို့ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသိန်းကျော်က ဆွေးနွေးမှာ ကြားပါတယ်။

ရုံးပင်တက် ကျေးရွာမှာ မြေသားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်း အရှည် ၁၂၂၀ ပေ၊ အကျယ် ၁၇ ပေ၊ ထု ၉ လက်မကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၁ ဒဿမ ၅၃၅ သန်းနဲ့ လည်းကောင်း၊ ဇီးကုန်းကျေးရွာမှာ မြေသားလမ်း အဆင့်မြင့်တင်ခြင်းလုပ်ငန်း အရှည် ၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ ပေကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၃ ဒဿမ ၀၃၂၉၅ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာ မှူးတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာ သူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

 

သတင်း - ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank