မိုးကောင်းမြို့နယ် ထီးချိုင့်ကျေးရွာလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်မှ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းအရ တောင်နီ ကျေးရွာအုပ်စု၊ ထီးချိုင့်ကျေးရွာတွင် ရွာတွင်းသဲကျောက်လမ်းခင်းခြင်းနှင့် ရေပြွန် တံတား ၆ စင်း လုပ်ငန်းခွဲများ ပြီးစီးသည့် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနံက် ၈ နာရီက အဆိုပါ လမ်းမုဒ်ဦးတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မိုးကောင်းမြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း၊ တောင်နီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ထီးချိုင့်ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်း၊ ထီးချိုင့်ကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဌ ဒေါ်ချောကြည်တို့မှ လမ်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကဗ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်း မင်္ဂလာယူခြင်း၊ စီမံကိန်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အဆိုပါ ရွာတွင်းသဲကျောက်လမ်း အရှည် ၄၄၇၀ ပေ ခင်းခြင်းနှင့် ရေပြွန်တံတား ၆ စင်း တည်ဆောက်ခြင်းကို စီမံကိန်း ထောက်ပံ့ရံပုံငွေကျပ်သိန်း ၁၅၀ ဖြင့် ဇန်နဝါရီလ ၁၈ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ လက်ထောက်နည်းပညာမှူး ဒေါ်အေးမြသူနှင့် လူထုစည်းရုံးရေးမှူး ဒေါ်ဂျာဖာလုတို့မှ ဦးစီးကာ အနီးကပ်ကြီးကြပ်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လုပ်ငန်း ပြီးစီးခဲ့သည်။

စီမံကိန်း စတုတ္ထနှစ်စက်ဝန်းအရ တောင်နီကျေးရွာအုပ်စု ထီးချိုင့်ကျေးရွာတွင် ရွာတွင်းသဲကျောက်လမ်းခင်းခြင်း နှင့် ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်းအပြင် စာသင်ကျောင်း ရေစင်တည်ဆောက်ခြင်းနှင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းတို့ကို စီမံကိန်း ထောက်ပံ့ရံပုံငွေ ၁၈,၄၅၀,၅၀၀ ကျပ် အကုန်ကျခံ တည်ဆောက်ခဲ့ပါသည်။