ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်းခွဲများ စတင်ဆောင်ရွက်

ကျောက်တန်း ဖေဖော်ဝါရီ ၁၉

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၃၀၀) ဖြင့် ကျောက်တန်းမြို့နယ်  ကန်ပြောင်ကျေးရွာအုပ်စု ကန်ပြောင်ကျေးရွာ၌  ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို  ယမန်နေ့ နံနက်   ၈ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အဆင်ပြေစေရန် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်နှင့် လက်ထောက်နည်းပညာမှူး ဦးကျော်ထွန်းဦးတို့က အနီးကပ်  ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ရွာအတွက် စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း (၃၀၀) ရရှိခဲ့ပါတယ်၊  ကျွန်တော်တို့ ကျေးရွာက ပြည်သူတွေရဲ့ အများဆန္ဒနဲ့ ကျေးရွာတွင်းလမ်းတွေ ဆောင်ရွက်တာဖြစ်ပါတယ်၊ ယခု စတင်ဆောင်ရွက်တဲ့ လမ်းကတော့ အရှည် (၇၁၅) ပေ ၊အကျယ် (၈) ပေနဲ့ ထု (၆) လက္မရှိတဲ့ ကျေးရွာတွင်းလမ်းဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်မည့် လမ်းတွေက (၁၂) ပေ အကျယ်လမ်းလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ လမ်းတွေဆောင်ရွက်တဲ့အခါမှာ အလုပ်သမားမငှားဘဲ ကျေးရွာသူ/ရွာသား တွေရဲ့ လုပ်အားတွေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ လုပ်အားခသက်သာတော့ လမ်းအရှည်ပေ တိုးပြီး ဆောင်ရွက်နိုင်ပါတယ်၊  လမ်းလုပ်သားတွေကိုလည်း ကျေးရွာမှ စေတနာရှင်များက ထမင်းအာဟာရများ ကျွေးမွေးကြပါတယ်” ဟု ကန်ပြောင်ကျေးရွာ မျိုးဆက်သစ်လူငယ် ပရဟိတအဖွဲ့ဝင် ဦးမောင်အုန်းက ပြောကြားသည်။

ခင်ဆွေဝင်း(ကျောက်တန်း)