လူထုဗဟိုပြုစီမံကိန်းကျေးရွာအဆင့်ကျားမရေးရာမွမ်းမံသင်တန်းဖွင့်

ကျွန်းလှ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ကျေးရွာအဆင့် ကျားမရေးရာ မွမ်းမံသင်တန်းကို ယနေ့နံနက်(၁၀)နာရီက တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကျင်းပကြောင်းသိရသည်။

သင်တန်းတွင် လူထုဗဟိုပြုစီမံကိန်း ကျားမရေးရာ တာဝန်ခံအရာရှိ ဒေါ်လဲ့လဲ့မော်က ကျားမရေးရာ သဘောတရားများကို နားလည်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အရေးပါပုံကိုသိရှိရန်၊ ကျားမရေးရာအမြင်များ ထည့်သွင်းဆောင်ရွက်ခြင်း အကြောင်း ပိုမိုနားလည်ပြီး စီမံကိန်းတစ်လျှောက် ထည့်သွင်းဆောင်ရွက်ရန်၊ ကျားမရေးရာဆန်းစစ်ခြင်း နည်းလမ်းသိရှိပြီးလေ့ကျင့် အသုံးပြုရန်ရည်ရွယ်၍သင်တန်းဖွင့်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၄)ရွာမှကျေးရွာ စီမံကိန်းအထောက်အကူပြုကော်မတီဝင် သင်တန်း သား၊သင်တန်းသူ(၂၉)ဦးတက်ရောက်ကြကြောင်းသိရသည်။

ကျွန်းလှမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ကျေးရွာအုပ်စု(၃၄)အုပ်စုမှကျေးရွာပေါင်း(၁၁၂)ရွာ၌ လုပ်ငန်းခွဲပေါင်း(၁၁၃)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ