လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းမှ မန္တလေးတိုင်းတွင် ပထမ ဦးစားပေး မြို့နယ်အဖြစ် တောင်သာ မြို့နယ်ကို ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမကထ ပြုကာ လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (National Community Driven Development Project - NCDDP) ကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတို့မှ မြို့နယ် တစ်မြို့နယ်စီဖြင့် စုစုပေါင်း ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်ရန်အတွက် စီမံကိန်းမြို့နယ်သစ် ရွေးချယ်ရေး အကြံဉာဏ်ရယူရေး ဆွေးနွေးပွဲများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မြို့တော်များတွင် ပြုလုပ်လျက်ရှိရာ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရာ ပထမ ဦးစားပေးမြို့နယ်အဖြစ် တောင်သာမြို့နယ်ကို ရွေးချယ်ခဲ့ပြီး၊ ဒုတိယ ဦးစားပေး မြို့နယ်အဖြစ် သပိတ်ကျင်းမြို့နယ်ကို ရွေးချယ်ခဲ့သည်။

စီမံကိန်း မြို့နယ်သစ် ရွေးချယ်ပွဲများကို ကျင်းပလျက် ရှိရာတွင် ယခုအချိန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၆ ခုတွင် ကျင်းပ ပြီးစီးခဲ့ပြီး၊ မွန်ပြည်နယ်တွင် ပထမ ဦးစားပေးမြို့နယ်အဖြစ် ကျိုက်မရော မြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးအဖြစ် ရေးမြို့နယ်ကို လည်းကောင်း၊ ချင်းပြည်နယ်တွင် ပထမ ဦးစားပေးမြို့နယ်အဖြစ် မင်းတပ်မြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးအဖြစ် တီးတိန်မြို့နယ်ကို လည်းကောင်း၊ ပဲခူးတိုင်းတွင် ပထမ ဦးစားပေးမြို့နယ်အဖြစ် အုတ်ဖို မြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးအဖြစ် ထန်းတစ်ပင် မြို့နယ်ကို လည်းကောင်း၊ ကရင်ပြည်နယ်တွင် ပထမ ဦးစားပေးမြို့နယ်အဖြစ် သံတောင်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးအဖြစ် မြဝတီမြို့နယ်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းတွင် ပထမ ဦးစားပေးမြို့နယ်အဖြစ် ခန္တီး မြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးအဖြစ် ဟုမ္မလင်းမြို့နယ်ကို လည်းကောင်း ပဏာမ အနေဖြင့် ရွေးချယ်ထားပြီး ဖြစ်သည်။ ကျန်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင်လည်း စီမံကိန်း မြို့နယ်သစ် ရွေးချယ်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ဖေဖေါ်ဝါရီလကုန် မတိုင်မီ အပြီးသတ်ကျင်းပသွားမည် ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ လူထုဗဟိုပြု အမျိုးသား စီမံကိန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ဒေသကြီး (၁၅) ခုမှ မြို့နယ် (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုစီမံကိန်း အဌမမြောက်နှစ်တွင် မြို့နယ်အားလုံး ပါဝင်ပြီးဖြစ်သော နေပြည်တော် ပြည်ထောင်စု နယ်မြေနှင့် ကယားပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတို့မှ မြို့နယ် တစ်မြို့နယ်စီဖြင့် စုစုပေါင်း မြို့နယ်(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်သွားရန်အတွက် မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးများကို ကျင်းပနေခြင်း ဖြစ်သည်။

စီမံကိန်း မြို့နယ် ရွေးချယ်ရာတွင် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသော “ရှုထောင့် နယ်ပယ်စုံ ချို့တဲ့မှု အညွှန်းကိန်း (Multi-dimensional disadvantage – MDI) မှ အချက်အလက်များကို အခြေခံကာ ဖွံ့ဖြိုးမှု အနည်းပါးဆုံးနှင့် ပြင်ပမှ အကူအညီ ရရှိမှု အနည်းပါးဆုံး မြို့နယ်များကို ဦးစားပေး အဆင့်သတ်မှတ်ကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းမြို့နယ်ရွေးချယ်ရေးအကြံဉာဏ် ရယူခြင်းအစည်းအဝေးများကို တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသ အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကာ အုပ်စုများခွဲကာ ဦးစားပေးမြို့နယ်ကို ရွေးချယ်ခြင်း ဖြစ်သည်။

ရွေးချယ် ရရှိလာသော မြို့နယ်အပေါ်တွင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် အဖွဲ့အစည်းများ၏ လိုလားမှုနှင့် စီမံကိန်းမှ စွမ်းဆောင်နိုင်မှုတို့ကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သဘောထား မှတ်ချက်ပြုပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ ပေးပို့ကာ ၎င်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ စီးပွားရေးရာ ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူမည် ဖြစ်သည်။