၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုလျက်

၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (National Community Driven Development Project - NCDDP) မှ နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတို့တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအနက်မှ ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဆောင်ရွက်လျက် ရှိသော စီမံကိန်း လုပ်ငန်းအကြောင်း အကျဉ်းချုပ်ကို ရိုက်ကူးထားသည့် ရုပ်သံ မှတ်တမ်းကို တင်ဆက်လိုက်ပါသည်။

ကမ္ဘာ့ဘဏ်နှင့် အခြား ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြိုင်နက် အချိုးညီညီ တိုးတက်ဖွံ့ဖြိုးရေးကို ရည်သန်ကာ လူထုဗဟိုပြု အမျိုးသား စီမံကိန်း (NCDDP) ကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတို့မှ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် စီမံကိန်းလုပ်ငန်းများကို လူထု ကိုယ်တိုင် ၎င်းတို့ ဒေသအတွင်း ဦးစားပေးလိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရွေးချယ်ကာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းဆောင်ရွက်သော နည်းလမ်းဖြင့် စီမံကိန်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

စီမံကိန်း၏ ရည်ရွယ်ချက်များမှာ ရပ်ရွာကရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့မှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊ စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်စေခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း စသည်တို့ ဖြစ်သည်။

ယခုနှစ် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် မြို့နယ်အားလုံး ပါဝင်ပြီးဖြစ်သော နေပြည်တော် ပြည်ထောင်စု နယ်မြေနှင့် ကယားပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတို့မှ မြို့နယ် တစ်မြို့နယ်စီဖြင့် စုစုပေါင်း မြို့နယ်(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်သွားရန်အတွက် မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်၏ မြို့တော်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမကထပြုကာ ကျင်းပလျက် ရှိပါသည်။

အဆိုပါ အစည်းအဝေးများတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသ အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားကာ ကျင်းပနေခြင်းဖြစ်သည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကမ္ဘာဘဏ်မှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ နှင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ၊ အီတလီ အစိုးရမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ သန်းနှင့် ချေးငွေ ယူရို သန်း ၂၀ ၊ UK Department for International Development (DFID) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ သန်းနှင့် ပြည်ထောင်စု အစိုးရ ထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၁ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၉ သန်း ဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (NCDDP) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည် ဖော်လျက်ရှိရာ မူလ ရန်ပုံငွေ မှ ပိုလျှံငွေနှင့် Japan Social Development Fund (JSDF) မှ ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်းဖြင့် နောက်ထပ် စီမံကိန်း မြို့နယ် ၁၃ မြို့နယ်ကို ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ရွေးချယ်ကာ တိုးချဲ့ဆောင်ရွက်ရန် လျာထားခြင်း ဖြစ်သည်။

#Union Day of Myanmar, #NCDDP, #DRD, #MoALI, #WorldBank